ပဲခူးတိုင်းဒေသကြီး၊ ကညွတ်ကွင်းမြို့၊ ဈေးတန်းဟောင်းရပ်ကွက်အတွင်းရှိ ခြံဝင်းတခုအတွင်းမှာ တရားမဝင် ပျဉ်းကတိုးသစ်တွေကို သစ်တောဌာနက ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
အဆိုပါသစ်တွေကို ဖြူးမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ဦးအောင်ကျော်စိုးနဲ့အဖွဲ့က လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး သစ်တွေကို ပေတိုင်းခြင်း၊ မှတ်ရိုက်ခြင်းများ ပြုလုပ်သိမ်းဆည်းခဲ့တယ်လို့ သစ်တောတာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ကျနော်က သစ်တွေကို ညောင်ပင်သာပျိုးဥယျာဉ်ကို သယ်လာပါတယ်။ အမှုကိုတော့ အထက်အရာရှိက ဘယ်လိုလုပ်မလဲတော့မသိဘူး။ သူ့အမိန့်ရမှ ကျနော်က ဖွင့်ရမှာပါ။ သစ်ပိုင်ရှင်နဲ့ ခြံရှင်တွေရဲ့ နာမည်တွေကိုတော့ မမေးခဲ့ရသေးဘူး။ သစ်သားတွေ မပျောက်ရှရအောင် ဆောင်ရွက်နေရလို့ပါ။”
၎င်းခြံဝင်းအတွင်း သစ်တွေကို ဒီဇင်ဘာ ၁၁ ရက်ညက လာရောက်ချထားခဲ့ပြီး သစ်ချသံတွေကြောင့် ပတ်ဝန်းကျင်နေ ပြည်သူတွေက ဖြူးမြို့နယ်ရဲတပ်ဖွဲ့မှူးထံ ဖုန်းဆက်တိုင်ကြားခဲ့ရာမှ လာရောက်ဖမ်းဆီးခဲ့တာလို့ ရပ်ကွက်နေသူ အမျိုးသားတဦးက ပြောပါတယ်။
"ညဘက်အချိန်မတော်ကြီး ချတာဗျ။ အသံတွေက ဆူညံနေတော့ မခံနိုင်ဘူး။ အဲဒါနဲ့ ရဲစခန်းကို သွားတိုင်တယ်။ ဘာမှမလုပ်ဘူး။ ဒီနေ့မနက်ပိုင်းက သုံးဘီးဆိုင်ကယ်တွေနဲ့ တိုက်ထုတ်သွားတာ ရှိသေးတယ်။ အဲဒါကြောင့် ဒီနေ့မနက် မြို့နယ်ရဲတပ်ဖွဲ့မှူးကို ဖုန်းဆက်တိုင်တာပါ။”
ဖမ်းဆီးရမိတဲ့ သစ်စုစုပေါင်း ၁ ဒသမ ၃၅၃၀ တန် ဖြစ်ပြီး တရားဝင်သစ်ပိုင်ဆိုင်သူကို အရေးယူဆောင်ရွက်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - ကျော်အောင် (ကညွတ်ကွင်း)











