DVB Logo
Home
မြန်မာသတင်း
အလဲဗင်းသတင်းထောက် အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး အမြန်ဆောင်ရွက်ရန် တောင်းဆို
DVB
·
December 13, 2016
အလဲဗင်းသတင်းထောက် အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး အမြန်ဆောင်ရွက်ရန် တောင်းဆို
Donate to DVB

အလဲဗင်းမီဒီယာရဲ့ မုံရွာအခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး အမြန်ဆုံးကြိုးပမ်းဆောင်ရွက်ပေးဖို့ မြန်မာဂျာနယ်လစ်ကွန်ရက်က  သက်ဆိုင်ရာကို တိုက်တွန်းလိုက်ပါတယ်။

သတင်းထောက် ကိုစိုးမိုးထွန်း (အသက် ၃၅ နှစ်) ဟာ ဒီဇင်ဘာ ၁၂ ရက် ည ၁၂ နာရီကျော်အချိန်က မုံရွာမြို့၊ ပြည်ထောင်စုလမ်း၊ ခမရ ၁၆ အရှေ့ဘက်၊ အောင်ချမ်းသာရပ်ကွက်မှာ ဦးခေါင်းထိပ်ကွဲပြဲ ဒဏ်ရာ ၂ ချက်၊ မျက်နှာဖူးရောင်ဒဏ်ရာ၊ ဝဲမျက်ခုံးကွဲပြဲဒဏ်ရာ ၁ ချက်နဲ့ လမ်းဘေးမှာ မှောက်ရက်အနေအထားနဲ့ သေဆုံးခဲ့တာလို့ ရဲမှတ်တမ်းအရ သိရပါတယ်။

ကိုစိုးမိုးထွန်းရဲ့အလောင်းနဲ့အတူ ဆိုင်ကယ်၊ ဖုန်း ၂ လုံး၊ ဘဏ်စာအုပ်၊ မှတ်ပုံတင်ကတ်၊ လက်စွပ်၊ ငွေသားအနည်းငယ်တို့ကို ရဲက သိမ်းဆည်းရမိခဲ့ပြီး ဘာကြောင့် အသတ်ခံရတယ်ဆိုတာနဲ့ ဘယ်သူတွေက သတ်ဖြတ်ခဲ့တာလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

မြန်မာဂျာနယ်လစ်ကွန်ရက်ကတော့ ကိုစိုးမိုးထွန်း သေဆုံးမှုနဲ့ပတ်သက်လို့ ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပြီး သတင်းစာတိုက် တာဝန်ရှိသူတွေအနေနဲ့ သတင်းသမားတွေရဲ့ လုံခြုံရေးကို အလေးအနက်ထား ဆောင်ရွက်ဖို့လိုသလို သတင်းထောက်တွေကိုယ်တိုင်လည်း မိမိရဲ့လုံခြုံရေးကို ကျင့်ဝတ်အတိုင်း လိုက်နာဆောင်ရွက်ဖို့လိုတယ်လို့ သတိပေးနှိုးဆော်လိုက်ပါတယ်။

မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးဇေယျာလှိုင်က “သတင်းထောက်တွေရဲ့ လုံခြုံရေးလို့ ပြောမယ်ဆိုရင် ၂ ပိုင်းရှိတာပေါ့နော်။ တပိုင်းကတော့ ရုပ်ပိုင်းဆိုင်ရာကို အသက်အန္တရာယ်ဖြစ်သည်အထိ ခြိမ်းခြောက်တာရယ်၊ ဥပဒေပိုင်းဆိုင်ရာရယ်ပေါ့နော်။ ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံမှုကျတော့ သူရေးသားတဲ့သတင်းကြောင့်ဖြစ်စေ၊ သူသတင်းသွားယူတဲ့ နေရာကြောင့်ဖြစ်စေပေါ့နော်။ ဥပမာ တိုက်ပွဲသတင်းယူမယ်ဆိုရင် နဂိုကတည်းက အန္တရာယ်များနေတယ်ပေါ့နော်။ တိုက်ပွဲသတင်းတွေမကပါဘူး။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ တောတွေတောင်တွေထဲ သတင်းသွားယူမယ်ဆိုရင် အန္တရာယ်က များတယ်လေ။ ဒါက တပိုင်းပေါ့။ နောက်တပိုင်းကကျတော့ ဥပဒေကြောင်းအရပေါ့နော်။ ကျင့်ဝတ်ကို သေချာလိုက်နာဖို့ပေါ့နော်။ တချို့ကျင့်ဝတ်တွေက ဥပဒေပိုင်းဆိုင်ရာကအစ အရေးယူလို့ရတဲ့ ပုံစံမျိုးတွေ ရှိတာကို။ ဆိုတော့ အဲဒီအပိုင်းကိုလည်း သတင်းစာဆရာတွေက သေချာသတိထားပြီးတော့ လေ့ကျင့်ဖို့လိုတယ်” လို့ ပြောပါတယ်။

သတင်းထောက်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာက ဦးထုပ်နဲ့ အသက်ကယ်အင်္ကျီတွေလို ရုပ်ဝထ္တုပစ္စည်းပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးဖို့လိုသလို ဥပဒေကြောင်းအရလည်း အကာအကွယ်ပေးဖို့ လိုတယ်လို့လည်း ပြောပါတယ်။

ကိုစိုးမိုးထွန်းဟာ အလဲဗင်းမီဒီယာမှာ ၂၀၁၅ ဇန်န၀ါရီလက စပြီး တရားဝင် တာဝန်ထမ်းဆောင်ကာ မုံရွာအနီးတဝိုက်က ဒေသဆိုင်ရာသတင်းတွေ ရေးသားပေးပို့နေသူဖြစ်ပြီး သေဆုံးမှုနဲ့ပတ်သက်လို့ အမြန်ဆုံး စုံစမ်းစစ်ဆေးဖော်ထုတ်ပေးဖို့ အလဲဗင်းမီဒီယာက ရဲတပ်ဖွဲ့ကို တောင်းဆိုထားပါတယ်။

မုံရွာမြို့ မြို့မရဲစခန်းကတော့ တရားခံ အမြန်ဆုံးပေါ်ပေါက်ရေးအတွက် အပူတပြင်း စုံစမ်းစစ်ဆေးနေပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013