DVB Logo
Home
မြန်မာသတင်း
အားလုံးပါဝင်နိုင်သည့် အခင်းအကျင်းဖော်ဆောင်ရန် ယူအန်အက်ဖ်စီ တောင်းဆို
DVB
·
December 13, 2016
အားလုံးပါဝင်နိုင်သည့် အခင်းအကျင်းဖော်ဆောင်ရန် ယူအန်အက်ဖ်စီ တောင်းဆို
Donate to DVB

စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာနိုင်တဲ့ ပတ်ဝန်းကျင်ကောင်းနဲ့ အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းကို အမြန်ဆုံးဖော်ဆောင်ပေးဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က တောင်းဆိုပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာဖြစ်ပြီး  ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အန်အယ်လ်ဒီအစိုးရဖြစ်လာပါက တိုင်းရင်းသားတွေကို ဖြောင့်ဖြောင့်တန်းတန်း ပွင့်ပွင်းလင်းလင်း ဆက်ဆံမည်၊ ငြိမ်းချမ်းရေးမှာ ပါဝင်သင့်သူတွေ ပါဝင်ရမည်၊ ပွင့်လင်းမြင်သာရမည်ဆိုပြီး ရွေးကောက်ပွဲမဲဆွယ်ရာမှာ ပေးထားတဲ့ ကတိအတိုင်း လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။

ယူအန်အက်ဖ်စီ အတွင်းရေးမှူး ခူးဦးရယ်က “ကျနော်တို့အနေနဲ့ လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံးကို သူ့နေရာနဲ့သူ ကျနော်တို့က အခြေခံချင်းမတူဘူး။ ကာလဒေသလည်းမတူဘူး။ သို့သော် ဒီလူတွေကို သူ့နေရာနဲ့သူ သူ့အခြေခံနဲ့သူ အစီအစဉ်ရှိရှိ ပြင်ဆင်ပြီး အားလုံးတွေ့ဆုံညှိနှိုင်းနိုင်တဲ့ အခင်းအကျင်း အခြေအနေမျိုးကို အစိုးရဘက်က ပြင်ဆင်ပေးပါ။ တဘက်ရဲ့ ယုံကြည်မှုကို ရရှိအောင် တည်ဆောက်ဖို့လိုတယ်။ အဲလိုပြင်ဆင်ထားမှုမရှိဘူးဆိုရင် အားလုံးကလည်း ဆုတ်ယုတ်မှုနဲ့ပဲ တွေ့ဆုံညှိနှိုင်းကြရမယ်ဆိုတဲ့ အနေအထားမျိုးအောက်မှာကတော့ ဘယ်သူမှ ညှိနှိုင်းဆွေးနွေးမှုကို လုပ်မှာမဟုတ်ဘူး။ လက်ခံမှာလည်းမဟုတ်ဘူး” လို့ ပြောပါတယ်။

လက်ရှိ အန်အယ်လ်ဒီဦးဆောင်တဲ့ အစိုးရသစ်ဟာ အားလုံးပါဝင်မှုမရှိတဲ့၊ တနိုင်ငံလုံး အတိုင်းအတာ မဆောင်တဲ့ အန်စီအေ အပစ်ရပ်စာချုပ်ကို အမွေဆက်ခံကာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတချို့ကို တပ်မတော်က မြေပြင်နဲ့ ဝေဟင်တိုက်ပွဲ အရှိန်မြှင့် ထိုးစစ်ဆင်နေတာကို ကိုင်တွယ်ဖြေရှင်းဖို့ မကြိုးပမ်းဘဲ အချိန်ကန့်သတ်ပြီး နောက်တကြိမ် ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေးကိုသာ ဆောင်ရွက်နေတယ်လို့လည်း ဝေဖန်ထားပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၀ ရက်နောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တချို့ရဲ့ မလွှဲမရှောင်သာ တန်ပြန်တိုက်ခိုက်မှု ဖြစ်လာရတဲ့အပေါ် သမ္မတရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကို ပြစ်တင်ရှုတ်ချတာဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ထိခိုက်တယ်လို့လည်း ခူးဦးရယ်က ပြောပါတယ်။

“နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာဆိုရင် ဖြစ်စဉ်တွေထဲမှာ စွန့်စွန့်စားစား စွမ်းစွမ်းတမံ ခုခံတိုက်ခိုက်နေတဲ့ ဗမာ့တပ်မတော်သား၊ ရဲဝန်ထမ်းတွေကို ဂုဏ်ပြုတယ်ဆိုတဲ့ သဘောမျိုး၊ ချီးမွမ်းထောပနာပြုတဲ့ သဘောမျိုးကို ကျနော်တို့မြင်ရတယ်။ ဒီလို သူတို့ကို ချီးမွမ်းထောပနာပြုလိုက်တာဟာ တဘက်က အဖွဲ့အစည်းတွေကို ဆိုးသွမ်းသောင်းကျန်းတယ်ဆိုတဲ့ အဓိပ္ပာယ်ကို သွယ်ဝိုက်တဲ့နည်းနဲ့ ညွှန်းဆိုလိုက်တယ်လို့ မြင်ပါတယ်။ အခုလို ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနေတဲ့ ဖြစ်စဉ်မှာ အထူးသတိထားပြီးတော့ နှစ်ဘက်ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောရဆိုရ၊ သုံးရမယ့် ပြုရမယ့် အသုံးအနှုန်း အပြောအဆိုတွေဟာ တော်တော်လေး ဆင်ခြင်ရမယ့် အခြေအနေလို့ ကျနော်တို့ နားလည်တယ်။ ဗမာ့တပ်မတော်ကနေပြီးတော့ တချိန်လုံး တွေ့ဆုံဆွေးနွေးရေး သွားနေတဲ့အချိန်မှာ အကြီးအကျယ် ထိုးစစ်ဆင်ပြီးမှ လေကြောင်း၊ ကုန်းကြောင်း၊ ဒါတင်မကဘူး ပြည်သူလူထုတရပ်လုံး သေကျေပျက်စီးနေတဲ့ အခင်းအကျင်း မြင်ရတာတောင်မှ အစိုးရက တခွန်းတခါမှ အခုလို ထုတ်ပြန်ကြေညာတာမျိုးတွေ မတွေ့ရတဲ့ အခါကျတော့ ဒါ အစိုးရရဲ့ အမြင်သဘောထားတွေက တဘက်စောင်းနင်းဖြစ်နေသလားလို့ပေါ့နော်။”

ယူအန်အက်ဖ်စီအနေနဲ့ အားလုံးပါဝင်နိုင်ရေးအပေါ် ဆက်လက်ရပ်တည် ဆွေးနွေးညှိနှိုင်းကာ လူထုနှင့် နိုင်ငံတကာမှ အားလုံး ၀ိုင်းဝန်းကူညီပံ့ပိုးပေးနိုင်ကြရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013