
တိုင်းရင်းသားမျိုးနွယ်စုတွေထဲမှာ ရိုဟင်ဂျာ မပါဝင်ကြောင်း သမိုင်းပညာရှင်များက ရေးသားပြုစု ထုတ်ဝေသွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။
သမိုင်းပညာရှင်များက ရိုဟင်ဂျာ မရှိကြောင်းကို ရှေးမြန်မာ့သမိုင်းရာဇဝင်၊ ခေတ်အဆက်ဆက် ရေးသားပြုစုခဲ့တဲ့ သမိုင်းမှတ်တမ်းစာအုပ်များ၊ အခြားအထောက်အထား အကိုးအကားများ ပြည့်ပြည့်စုံစုံနဲ့ ရေးသားပြုစုပြီး သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ တင်ပြ အတည်ပြုချက် ရယူသွားမှာဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်က ပါလီမန်ခေတ် မောင်တောနှင့် ဘူးသီးတောင် မဲဆန္ဒနယ်များ တိုင်းပြည်ပြုလွှတ်တော်အမတ် ဘင်္ဂါလီလူမျိုး အဗ္ဗဒူဂဖားဆိုသူ တင်သွင်းတဲ့ သင်္ဘောပျက်ပုံ အစီရင်ခံစာမှာ ရိုဟင်ဂျာလို့ စတင်သုံးနှုန်းခဲ့တယ်။ မြန်မာနိုင်ငံမှာ ရှေးယခင်ကတည်းက ရိုဟင်ဂျာလူမျိုး မရှိခဲ့သော်လည်း ပြည်တွင်း/ပြည်ပရှိ မလိုလားသူများက ရိုဟင်ဂျာလူမျိုးရှိကြောင်း လှုံ့ဆော်ရေးသားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရှေးမြန်မာ့သမိုင်းရာဇဝင်တွေထဲမှာလည်းကောင်း၊ ကိုလိုနီခေတ်မှာလည်းကောင်း၊ တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးမှာလည်းကောင်း ရိုဟင်ဂျာဆိုတဲ့ စကားလုံးနဲ့ အသုံးအနှုန်းတွေ ရေးသားဖော်ပြမှု မရှိကြောင်း လေ့လာတွေ့ရှိရတယ်လို့လည်း ဆိုပါတယ်။
ရိုဟင်ဂျာ မရှိကြောင်း သမိုင်းအထောက်အထား ဝေဝေဆာဆာနဲ့ ရေးသားပြုစုပြီးရင် စာအုပ်အဖြစ် ထုတ်ဝေသွားမယ်လို့ သတင်းမှာဖော်ပြပြီး ဒီသတင်းကြားသူတွေက အင်္ဂလိပ်ဘာသာနဲ့ပါ ပြုစုထုတ်ဝေသင့်တယ်လို့ အကြံပြုနေကြပါတယ်။











