DVB Logo
Home
မြန်မာသတင်း
မြန်မာ့မီဒီယာဖွံ့ဖြိုးရေးအတွက် ဒီဗွီဘီနှင့် ချင်းမိုင်တက္ကသိုလ် သဘောတူစာချုပ်
DVB
·
December 12, 2016
Donate to DVB

မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရုပ်သံသတင်းပညာသင်ကြားရေး ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဒီဗွီဘီသတင်းဌာနနဲ့ ချင်းမိုင်တက္ကသိုလ်တို့အကြား MOU သဘောတူစာချုပ် လက်မှတ်ရေးထိုးလိုက်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့မနက်က ရန်ကုန်မြို့ အနော်ရထာလမ်းနဲ့ ၃၉ လမ်းထောင့်ရှိ စင်ထရယ်တာဝါမှာ ဒီဗွီဘီသတင်းဌာနက တာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် Mass Communication ဌာနက တာဝန်ရှိသူတွေ နှစ်ဘက်သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့တာပါ။

နှစ်ဘက်သဘောတူညီချက်အရ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေထဲမှာ ချင်းမိုင်တက္ကသိုလ်မှာ ရုပ်မြင်သံကြား သတင်းပညာရပ်ဆိုင်ရာ ဒီပလိုမာသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးဖို့လည်း ပါဝင်ပါတယ်။

ပထမဆုံးသင်တန်းကာလက ၃ လကြာမြင့်မှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ၁ နှစ်လောက်ထိ ကြာနိုင်တဲ့ သင်တန်းတွေ ဖွင့်လှစ်ဖို့ရှိတယ်လို့ ဒီဗွီဘီသတင်းဌာနရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး၊ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က ပြောပါတယ်။

“အဓိကကတော့ နှစ်ပိုင်းပါ။ တခုက ဒီဗွီဘီနဲ့ ပတ်သက်တဲ့အပိုင်းပေါ့။ သတင်းပညာနဲ့ ပတ်သက်ပြီးတော့ စာတွေ့ပေါ့လေ။ စာတွေ့ကို အဓိကထားလေ့ရှိပါတယ်။ နောက်တခုက လက်တွေ့ပေါ့။ စာတွေ့တခုတည်းနဲ့ အလုပ်မဖြစ်လောက်ဘူးဆိုတော့ လက်တွေ့နဲ့ပေါင်းပြီးတော့ သင်မှပဲ တကယ်ကို ကျွမ်းကျင်တဲ့ သတင်းထောက်တဦး ဖြစ်လာမှာပေါ့နော်။ အဓိကက ကျနော်တို့ဖြစ်စေချင်တာက တကယ် သတင်းပညာကို စနစ်တကျကျွမ်းကျင်တဲ့ သတင်းထောက်တွေကို မွေးထုတ်ချင်တာပါ။”

ဒီသင်တန်းကို တက်လိုသူတွေအတွက် ကုန်ကျစရိတ်တွေကို အနည်းဆုံးဖြစ်အောင် ပြုလုပ်သွားမှာဖြစ်ပြီး အသက်အရွယ်ကန့်သတ်ထားတာမရှိဘူးလို့လည်း ချင်းမိုင်တက္ကသိုလ် Mass Communication ဌာနရဲ့ ဌာနမှူး၊ မစ္စတာ ထီရဖတ် ၀မ်နာလုမောက ပြောပါတယ်။

“ပထမဆုံးသင်တန်းကို သင်တန်းသား အယောက် ၂၀ နဲ့ စပါမယ်။ သင်တန်းကာလကိုတော့ ပထမဆုံး ၃ လနဲ့ စမယ်။ ကျောင်းသားတွေကို အကုန်အကျနည်းအောင် လုပ်မယ်။ အာဆီယံဒေသတွင်း မီဒီယာဖွံ့ဖြိုးမှုကို ဦးတည်ပြီးလုပ်တာပါ။ တက္ကသိုလ်ရဲ့ သတင်းသင်ရိုးညွှန်းတမ်းနဲ့ ကိုက်ညီတဲ့ သင်ရိုးညွှန်းတမ်းတွေကိုလည်း ပြန်ဆွဲပါမယ်။ ဒီကျောင်းကို တက်ခွင့်ရတဲ့ ကျောင်းသားတွေအနေနဲ့ ချင်းမိုင်တက္ကသိုလ်က စာကြည့်တိုက်လေ့လာခွင့်တွေ၊ အင်တာနက် အသုံးပြုခွင့်တွေကိုလည်း ပေးသွားမှာပါ။”

ရုပ်မြင်သံကြား သတင်းပညာရပ်ဆိုင်ရာ ဒီပလိုမာသင်တန်းတွေ ဖွင့်လှစ်မယ့် အစီအစဉ် အသေးစိတ်ကိုတော့ နောက်ပိုင်းမှာ ထုတ်ပြန်ကြေညာပေးသွားဖို့ ရှိနေပါတယ်။

ဒီကနေ့ကျင်းပတဲ့ နှစ်ဘက် သဘောတူနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ချင်းမိုင်တက္ကသိုလ် Mass Communication ဌာနက တာဝန်ရှိသူတွေနဲ့ ဒီဗွီဘီသတင်းဌာနက တာဝန်ရှိသူတွေအပြင် သတင်းမီဒီယာတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013