DVB Logo
Home
Lead Story
သက်​ဝင်​လှုပ်​ရှား ရန်​ကုန်​လမ်းမများ
DVB
·
December 12, 2016
သက်​ဝင်​လှုပ်​ရှား ရန်​ကုန်​လမ်းမများ
Donate to DVB

တကယ်ပဲ သက်ဝင်လှုပ်ရှားပါတယ်။

'ကြံရည်တခွက်' ဆိုတာနဲ့ ဂျင်နရေတာ (မီးစက်ကြီး) 'ဂျက် -ဂျက် -ဂျက် -ဂျက်' လှည့်တယ်။

ကြံရည်ကြိတ်စက်ကြီး တခွက်စာ လည်ပါလေရော။

ဓာတ်ဆီညှော်နံ့တွေနဲ့ ကြံရည်နံ့၊ သံပရာသီးနံ့ ရောနေတယ်။

လမ်းလယ်မှာထွန်းထားတဲ့ မီးပုံးတွေဆီက အလင်းရောင်က လမ်းဘေးဆိုင်တွေဆီ ဖြာကျနေတယ်။

'ဝက်သားသုပ်က အဆီများနေလို့ ကြက်သားသုပ်ပဲ ယူပါလား။ လုပ်ပေးရင်တော့ ရတယ်။ အဆီများတော့ ကျနော် နာမည် မပျက်ချင်လို့ပါ။”

ဆိုင်ရှင်က ရိုးရိုးသားသား ပြောတယ်။

သူတို့တွေ ဘားလမ်းကနေ မနေ့ကမှ ပြောင်းလာကြတယ်။

'ဒီနေရာ မဲပေါက်လို့ နောက်ရက်တွေ ဒီမှာပဲ ရောင်းရမယ်လေ။'

သူ့ဇနီးက ပြောလည်းပြော၊ ပါဆယ်ထုပ်ပေးဖို့ ကြွပ်ကြွပ်အိတ်လည်း ပြင်တယ်။

ရန်ကုန်ကို ပြန်ရောက်ပြီး လပိုင်းအတွင်း ညဈေးတန်းတွေ ဖွင့်တာ ကြုံတယ်။ ပထမတခုက ကမ်းနားလမ်းတလျှောက် ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော် ဖွင့်တယ်။ မပြောင်းချင်သူတွေ၊ ဆိုင်ခန်းမရသူတွေ ဆိုင်ခန်းကျဉ်းလို့ မကျေနပ်တာလည်း ကြားရတယ်။

ရန်ကုန်မှာ M150 ဗုံးတွေ ပေါက်ပြီးနောက် အခုတခါ နာမည်ကျော် မဟာဗန္ဓုလပန်းခြံနားမှာ ဈေးတန်းလေး ဖွင့်ပြန်တယ်။ ဆူးလေဘုရားနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြားမှာ။ ဝန်ကြီးချုပ်ကိုယ်တိုင် ဖွင့်ပေးတဲ့ သတင်းတွေ ဖတ်ရတယ်။ ရန်ကုန်အပြင်ရောက်နေတော့ သတင်းအသေးစိတ်ဖတ်ဖို့ အချိန်မရခင် ဈေးတန်းဆီ သွားလိုက်ပါတယ်။ မြေဝိုင်းအငြိမ့်တွေ၊  ရုပ်သေးဝိုင်း၊ ဇော်ဂျီ အက၊ ရှမ်းအက စသဖြင့် တွေ့ရတယ်။ လူအစည်ဆုံး နေရာတခုကတော့  မြေဝိုင် ဂီတတီးဝိုင်းလေးပေါ့။ မကြားရတာ ကြာပြီဖြစ်တဲ့ ရေဒီယိုခေတ် စတူဒီယိုသီချင်းတွေ ကြားတော့ ခဏတော့ ရပ်နားထောင်မိတယ်။

ပိုက်ဆံအိတ်၊ စားပွဲခင်း၊ လက်မှုပစ္စည်းလေးတွေကနေ အော်ဂန်းနစ် ဖြစ်ပုံရတဲ့ အဖျော်ရည်တွေ အလင်းတဝက်ဆိုင်တွေမှာ ရောင်းနေကြတယ်။ ယမကာနံ့တွေ ထွက်နေတဲ့ လူတသိုက် အနားကဖြတ်သွားတဲ့အခါ 'ကွီးဖြိုးအိုင်ဒီယာ မိုက်တယ်' လို့ တယောက်က ပြောသွားတာ ကြားရတယ်။

အနားက မဟေသီကတော့ နောက်ချန်ခဲ့ရတဲ့ ချင်းမိုင်က ညဈေးတန်းတွေနဲ့ နှိုင်းယှဉ်ရင်း ချင်းမိုင်ညဈေးတန်းမှာ မရတဲ့ မြန်မာစာတွေ တမျိုးပြီးတမျိုး အားပေးနေလေရဲ့။ ဒါပေမယ့် ခုံတွေအောက် အမှိုက်တွေပွနေတာ၊ ဈေးပေါပေါရောင်းတဲ့ ဆိုင်တွေက စားစရာကို ထားပုံ၊ ရေသုံးပုံ၊ ကိုင်ပုံ တွယ်ပုံတွေမှာ ဒီထက် သန့်ရှင်းဖို့ အများကြီး လိုပါသေးတယ်။

ဒါတွေ ရေရှည်လုပ်ရမယ် ကိစ္စတွေပေါ့။ တကယ်တော့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက  မီဒီယာနဲ့ စိမ်းသူ မဟုတ်ပါ။ အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်မလို့လုပ်ပြီး သပိတ်မှောက်တဲ့အချိန်က မီဒီယာတွေ အာရုံစိုက်တာ ခံရတယ်။ သပိတ်မှောက် ကျောင်းသားတယောက်၊ နရသိန်ထွက် ဝန်ကြီးချုပ် ဖြစ်လာသူ။ အပြောအဆို ညက်သလောက် ကြံရည်ဖန်ရည်ရှိသူလို့ သူ့ထောင်ကျဘက်တွေဆီက ကြားရတယ်။ တက်လာကတည်းက လူတွေ ပါးစပ်ဖျားမှာ။

သင်္ကြန်စီးပွားရေး ရေကစားစင်တွေ ပိတ်လိုက်တော့ လူငယ်တွေ မေတ္တာပို့ကြတယ်။ တကယ်တော့ ဒီလိုနေရာမျိုးမှာ သုံးနိုင် ဖြုန်းနိုင်သူက လူနည်းနည်းလေးရယ်။ သို့သော် ရန်ကုန်ဆိုတာက မီဒီယာတွေရဲ့ မီးဆလိုက်အောက်မှာ။ ထစ်ခနဲဆို ဟိုးလေးကျော်။

ဝန်ကြီးချုပ်က 'ပျော့ရင် ဖယောင်း၊ မာရင် သံချောင်း' လူစားမျိုး ထင်ပါတယ်။ ညဈေးလမ်းကို ကဗျာဆန်ဆန် စီစဉ်ထားပုံကြည့်ရင် စိတ်ကူးယဉ်သမားလည်း ဖြစ်မယ်။ ဒါပေမယ့် တာဝန်ယူပြီး မကြာခင်မှာပဲ 'ကိုင်'ရခက်တဲ့ မဘသကို ဝန်ကြီးချုပ် 'တွယ်' လိုက်တာ ငြိမ်ကျသွားတယ်လို့ ဆိုကြတယ်။

၁၁  မီဒီယာနဲ့ဖြစ်တဲ့ သိန်း ၁၀၀ တန် နာရီကိစ္စမှာ ဝန်ကြီးချုပ်က တရားစွဲလိုက်တာ အန်အယ်ဒီ နာယကကြီးကတောင် 'စိတ်မကောင်းဘူး၊ မလုပ်ထိုက်ဘူး' လို့ ပြောယူရတယ်။ ၁၁ စီအီးအို ထမ်းစင်ကြီးနဲ့ ပက်လက် ရုံးထွက်လာပေမယ့် ဝန်ကြီးချုပ်ကတော့ လျှော့မယ့်ပုံ မရှိသေးဘူး။

တချို့ကတော့ ဒါကို အာဏာပြတယ်လို့ ထင်တယ်။ ဒါပေမယ့် ဝန်ကြီးချုပ်ကို ဝေဖန်သူတွေကတောင် ရန်ကုန်တိုင်းကို အုပ်ချုပ်ရတာ မြန်မာပြည်တဝက် အုပ်ချုပ်ရတာနဲ့ အတူတူပဲလို့ ပြောကြတယ်။ နှစ်ပေါင်းများစွာ ပြဿနာတွေက မြန်မာပြည်မြောက်ဖျားကနေ တောင်ဖျား၊ အရှေ့ကနေ အနောက် အသီးသီးရှိပေမယ့် ရန်ကုန်ဆိုတာက လူတတ်တွေ များတဲ့နေရာလေ။ နိုင်ငံရေးရဲ့ ဗဟိုချက်။

'ကမ်းနားလမ်းမှာ ညဈေးလုပ်လိုက်တော့ လမ်းပုပ်သွားတယ်ဗျ။ အရင်က မြို့ပြင်ကနေ လာရင် ကမ်းနားလမ်းက  တကြောင်းတည်းလေ' တက္ကစီသမားတယောက်က ညည်းတယ်။

ဝန်ကြီးချုပ်ပေးထားတဲ့ ကတိတွေထဲမှာ ရန်ကုန်ရဲ့ နာမည်ကျော် ကားလမ်းကျပ်တဲ့ကိစ္စ ပါတယ်။ လမ်းဘေးဈေးသည်တွေ ရှင်းနိုင်ရင် ကားကျပ်တာ သက်သာသွားမယ်လို့ တွက်ပြီး ညဈေးတန်းနေရာတွေ ဖော်တယ်။ အချိန်တိုအတွင်း ဖြေရှင်းရမယ်။

ဒါပေမယ့် နိုင်ငံခြားသားတွေ အလာများတဲ့ တရုတ်တန်းက ဆိုင်ခန်းတွေကတော့ ပိတ်နေဆဲပဲလို့  အငှားကားသမားတွေက ပြောတာ ကြားရတယ်။ အပြောင်းအလဲဆိုတာ စွန့်စားရတဲ့ကိစ္စဖြစ်လို့ တချို့က မလိုက်ချင်တဲ့အခါ ဥပဒေနဲ့အညီ အတင်းအကျပ် လုပ်ရတာလည်း ရှိမှာပဲ။

အင်ဒိုနီးရှားက သမ္မတ ဂျိုကိုဝီ မြို့တော်ဝန်ဘဝမှာ ဒီလို ပြဿနာတွေ ဖြေရှင်းခဲ့ရတာရှိတယ်။ အစမှာ ခက်ခဲပေမယ့် တကယ် စနစ်တကျလုပ်ရင် နောက်တော့ နားလည်သွားကြတာ ထုံးစံပါပဲ။ ဒီလိုပြောလို့ လူနေထူထပ်တဲ့ ဂျကာတာမြို့က ပြဿနာတွေက အခု ဂျိုကိုဝီ သမ္မတဖြစ်တဲ့အထိ ဖြေရှင်းလို့ မပြီးသေးပါဘူး။

ရန်ကုန်မြို့မှာ လမ်းဘေးဈေးသည်၊ ကားလမ်းကျပ်တဲ့ ကိစ္စအပြင် ကျူးကျော်တွေကိစ္စလို ခေါင်းခဲစရာ ရှိသေးတယ်။

ရန်ကုန်တိုင်းမ်နဲ့ အင်တာဗျူးမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်အတွက် သူ့စီမံကိန်းတွေ လက်တန်းပြောတာ ကြည့်ရင် အတော်စနစ်တကျ အသေးစိတ် လေ့လာထားပုံရပါတယ်။

'အခုတော့ အရောင်းအဝယ် မဆိုးပါဘူး' လို့ ညဈေးတန်းက ဈေးသည်တယောက်က ပြောတယ်။

'မကြာခင် မီးတိုင်တွေထူပြီးရင် ကျမတို့ဆိုင်တွေ အားလုံး မီးလင်းလာတော့မှာပါ။'

နေသွင်ညိဏ်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013