DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် လယ်ယာမြေတိုင်ကြားစာ ၃၀၀ ကျော်ရှိပြီး စိစစ်ဆောင်ရွက်မှု အားနည်း
DVB
·
December 12, 2016
ရခိုင်တွင် လယ်ယာမြေတိုင်ကြားစာ ၃၀၀ ကျော်ရှိပြီး စိစစ်ဆောင်ရွက်မှု အားနည်း
Donate to DVB

ရခိုင်ပြည်နယ်အတွင်းက လယ်ယာမြေကိစ္စနဲ့ ၁၀ လအတွင်း တိုင်ကြားစာပေါင်း ၃၀၀ ကျော်ရှိလာပေမယ့် ပြည်နယ်အစိုးရအဖွဲ့က စိစစ်ဆောင်ရွက်မှု အားနည်းနေတယ်လို့ ရခိုင်ပြည်နယ် လွှတ်တော် လယ်ယာ၊ သားငါး၊ သစ်တောနဲ့ ဆည်မြောင်းလုပ်ငန်းမှ ကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“မြို့နယ်တိုင်း တော်တော်များများက ကျနော်တို့ဆီကို လယ်သိမ်းခံ၊ မြေသိမ်းခံအမှုကိစ္စတွေ၊ နောက်ပြီး စားကျက်မြေ မတရားသိမ်းထားတာတွေ၊ စပ်တပ်ကနေ သိမ်းထားတာတွေ၊ ဌာနဆိုင်ရာကနေ သိမ်းထားတာတွေ အခုဆိုရင် တိုင်တန်းတာ အမှုပေါင်း ၃၀၀ ကျော်နေပါပြီ။ ဒါပေမယ့် အဲ့ဒီကိစ္စတွေကို အမှန်တကယ်ဖြေရှင်းရမှာ ပြည်နယ်အစိုးရအောက်မှာရှိတဲ့ မြေယာစီမံခန့်ခွဲမှုကော်မတီဆိုတာရှိတယ်။ နောက်တခါ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စိစစ်ရေးကော်မတီဆိုတာရှိတယ်။ အဲ့ဒီအဖွဲ့တွေ အခုထိ တိုင်းပြီးတော့ စိစစ်ဆောင်ရွက်မှု တော်တော်အားနည်းနေတာ တွေ့ပါတယ်။ ကျနော်တို့အဖွဲ့က ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့မဟုတ်ဘူး။”

ပြည်နယ်ထဲမှာ ရခိုင်ပြည်နယ်ဟာ လယ်ယာမြေနဲ့ စားကျက်မြေတွေ သိမ်းဆည်းခံရတာ အများဆုံးဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက် လွှတ်တော်သက်တမ်း ၅ နှစ်မှာ လယ်ယာမြေကိစ္စနဲ့ ရခိုင်ပြည်နယ်လွှတ်တော်ကို တိုင်ကြားစာအမှုပေါင်း ၂၀၀၀ ကျော် ရှိခဲ့ပါတယ်။

အဲ့ဒီအသိမ်းခံရတဲ့ လယ်ယာမြေကိစ္စတွေဟာ စစ်အစိုးရလက်ထက်မှာ တပ်ပိုင်မြေ၊ ဌာနဆိုင်ရာမြေတွေ အများဆုံးပါဝင်ပြီး စစ်တွေ၊ တောင်ကုတ်၊ သံတွဲမြို့နယ်တွေမှာ အများဆုံးဖြစ်တယ်လို့ ပြောပါတယ်။

“အများဆုံးကတော့ စစ်တွေ၊ တောင်ကုတ်၊ သံတွဲမြို့နယ်တွေက အများဆုံး တိုင်စာတွေ ရောက်လာတယ်။ အရင်စိုးရလက်ထက်က သိမ်းခဲ့တာတွေ အများဆုံးပေါ့။ အရင်အစိုးရလက်ထက်က အမှုပေါင်း ၂၀၀၀ ကျော် ကျနော်တို့ လက်ခံရရှိခဲ့ပါတယ်။ တချို့ကတော့ ဖြေရှင်းပေးနိုင်ခဲ့တယ်။ အခုမြေတွေက အရင်အစိုးရကသိမ်းထားတဲ့ လယ်မြေတွေများပါတယ်။ ကျနော်တို့ ကော်မတီတွေ လယ်ယာမြေသိမ်းဆည်းခံရတာတွေကို ကွင်းဆင်းလေ့လာတယ်။ ဒေသခံတွေနဲ့ တွေ့ဆုံတယ်။ ပြီးတော့မှ ပြည်နယ်အစိုးရကို အကြံပေးတင်ပြတယ်။ ကျနော်တို့မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူး” လို့ ဦးအောင်ဝင်းက ဆက်ပြောပါတယ်။

ဒါ့အပြင် အခုလို လယ်ယာသိမ်းဆည်းမှု တိုင်စာတွေ များပြားလာတာနဲ့အမျှ အမှုတွေကို တာရှည်ထားထားရင် ပြဿာနာတွေ ပိုမိုကြီးထွားနိုင်ပြီး ဒါကို ပြည်နယ်အစိုးရက အဆောတလျှင် ဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့လည်း ဦးအောင်ဝင်းက ပြောပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013