DVB Logo
Home
မြန်မာသတင်း
မိုးဗြဲ-ဒီးမော့ဆို လမ်းမကြီးကို ပြန်ထိန်းချုပ်ရန် စစ်တပ်က ပြည်သူ့စစ်အင်အားဖြင့် ပြင်ဆင်နေ
မောရစ်
·
July 13, 2026
Photo: DVB
Photo: DVB
Donate to DVB

ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အထိနာပြီး အကျအဆုံးများ နေတဲ့ စစ်အာဏာရှင်တပ်ဟာ စစ်ရေးအရ အရေးပါတဲ့ မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ နယ်မြေခံတပ်ရင်းတွေနဲ့ ပြည်သူ့စစ်အင်အားတွေကို ထုတ်နုတ်ပြီး အင်အားဖြည့်တင်းနေပါတယ်။

စစ်အာဏာရှင်တပ်ဟာ မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို ကားလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ထိုးစစ်ဆင်နေတာပါ။

ဒါပေမဲ့ လက်ရှိအချိန်အထိ မိုးဗြဲမြို့ထဲကနေ စစ်ကြောင်းတွေ ထွက်မလာနိုင်ဘဲ တိုက်ပွဲတွေမှာ အထိနာနေတာလို့ ဒီဗွီဘီရဲ့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

ဇူလိုင် ၈ ရက်က မိုးဗြဲမြို့ လွယ်ယင်းမင်္ဂလာတောင်ခြေအနီးကို စစ်တပ်က ခန့်မှန်းအင်အား ၆၀ လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာလို့ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး၊ စစ်အာဏာရှင်တပ်ဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့တာပါ။ 

ဇူလိုင် ၁၀ ရက်နေ့မှာတော့ ကရင်နီတော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက အဲဒီနေရာကို ဝင်ရောက်ရှင်းလင်းရာ စစ်အာဏာရှင်တပ်သား အလောင်းတချို့ တွေ့ရှိခဲ့ရပြီး၊ လက်ရှိမှာတော့ စစ်တပ်ဘက်က တပ်ပြန်ဆုတ်ကာ အင်အားပြန်ဖြည့်တင်းပြီး ပြန်လည်ပြင်ဆင်နေတဲ့ အနေအထားမှာ ရှိနေတယ်လို့ မိုးဗြဲ PDF တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

“ထိတွေ့မှုကရှိတယ်၊ နေ့တိုင်းလိုလိုပါပဲ၊ သူတို့ အခုကတော့ ပြန်ဆုတ်သွားပြီ။ လွယ်ယင်းမင်္ဂလာဘက်မှာ ဆုတ်သွားပြီ။ အခု သူတို့ ပြန်ပြင်ဆင်မှာပေါ့။ မရမကထိုးမှာကြီးကို အမိန့်ကျလာပြီးသားပဲလေ၊ မရမကတော့ထိုးမှာ။ ဒါပေမဲ့ အခုတော့ သူတို့ ပြန်ပြင်ဆင်နေတဲ့ သဘောပါ ငြိမ်နေတယ် ဆိုတော့။”

လက်ရှိ တိုက်ပွဲပြင်းထန်နေမှုတွေကြောင့် နန်းမယ်ခုံ-လွယ်ယင်းတောင်ခြေ၊ လွယ်ဝိုင်းနဲ့ ခေါင်းစံလမ်းပိုင်းတွေကို ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ မိုးဗြဲ PDF က ဇွန် ၃၀ ရက်ကတည်းက တိုက်တွန်းနှိုးဆော်ထားပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နန်းမယ်ခုံဘက်က အရပ်သား နေထိုင်ရာ နေရာတွေကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့်၊ ဇွန် ၂၄ ရက်က ကလေးငယ် ၂ ယောက် သေဆုံးကာ လူကြီးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိမှာ နန်းမယ်ခုံနဲ့ ဒီးမော့ဆိုအနီးတဝိုက်က စစ်ရှောင်စခန်းတချို့ နေရာထပ်မံရွှေ့ပြောင်း နေထိုင်နေကြရပါတယ်။

နန်းမယ်ခုံ စစ်ရှောင်တယောက်က “တိုက်ပွဲနဲ့ကတော့ ဝေးသေးတယ် ဆိုပေမဲ့ အသံတွေတော့ ကြားနေရတယ်။ ညဆို လက်နက်ကြီးနဲ့ ဒရုန်းပိုလာတယ်။ တချို့လက်နက်ကြီးကျတဲ့ စခန်းတွေကတော့ နေရာပြန်ရွှေ့၊ အခုက ကျောင်းဖွင့်ရာသီဆိုတော့ ကလေးတွေ ပညာဆက်သင်ဖို့ အခက်အခဲတော့ရှိနေတယ်”လို့ ပြောပါတယ်။

မိုးဗြဲကနေ နန်းမယ်ခုံကို ဖြတ်သန်းပြီး ဒီးမော့ဆိုအထိ ဆက်သွယ်ထားတဲ့ အဲဒီလမ်းပိုင်းဟာ ကရင်နီပြည်နယ် မြို့တော် လွိုင်ကော်မြို့ရဲ့ အနောက်ဘက် ကာကွယ်ရေးတံခါး ဖြစ်သလို၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဆက်သွယ်ရေးနဲ့ လှုပ်ရှားစစ်ဆင်ရေးနယ်မြေတွေကို ဖြတ်တောက်နိုင်မဲ့ ဗျူဟာမြောက် နေရာလည်း ဖြစ်ပါတယ်။

ဒါကြောင့် စစ်အာဏာရှင်တပ်အနေနဲ့ PNO ပြည်သူ့စစ်တွေနဲ့ နယ်မြေခံတပ်ရင်းတွေက အင်အားတွေကို ထုတ်နုတ်ပြီး ရှေ့တန်းတင် စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာလို့ စစ်ရေးရင်းမြစ်တွေက သုံးသပ်ထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013