DVB Logo
Home
မြန်မာသတင်း
အိမ်အကူ မိန်းကလေးနှစ်ဦး နှိပ်စက်ခံရမှု ဖော်ထုတ်သူ သတင်းထောက်ကို ဆုချီးမြှင့်
DVB
·
December 8, 2016
အိမ်အကူ မိန်းကလေးနှစ်ဦး နှိပ်စက်ခံရမှု ဖော်ထုတ်သူ သတင်းထောက်ကို ဆုချီးမြှင့်
Donate to DVB

အင်းဝအပ်ချုပ်ဆိုင် အိမ်အကူ မိန်းကလေးနှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရမှုကို ဖော်ထုတ်ခဲ့တဲ့ သတင်းထောက်ချုပ်ကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက စတုတ္ထမဏ္ဍိုင်ဆုကို ချီးမြှင့်လိုက်ပါတယ်။

စတုတ္ထမဏ္ဍိုင်ဆုကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ပထမဦးဆုံး ချီးမြှင့်ခဲ့တာဖြစ်ပြီး အင်းဝအပ်ချုပ်ဆိုင် အိမ်အကူမိန်းကလေး နှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ ဖြစ်စဉ်ကို ဖော်ထုတ်ရေးသားခဲ့တဲ့ Myanmar Now သတင်းဌာနက ကိုဆွေဝင်းကို အခမ်းအနားနဲ့ ပေးအပ်ချီးမြှင့်ခဲ့တာပါ။

ဆုချီးမြှင့်တဲ့အခမ်းအနားကို ရန်ကုန်မြို့၊ Orchid ဟိုတယ်မှာ ဒီဇင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး တိကျခိုင်လုံတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ ရေးသား ဖော်ပြနိုင်ခဲ့တဲ့ ကိုဆွေဝင်းတို့လို မြန်မာသတင်းသမားတွေ ရွေးချယ်ပြီး စတုတ္ထမဏ္ဍိုင်ဆုကို နှစ်စဉ် ပေးအပ်သွားမယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ အတွင်းရေးမှူး ဦးသီဟစောက ပြောပါတယ်။

“စတုတ္ထမဏ္ဍိုင်ဆုက နှစ်စဉ်ပေးနိုင်အောင် စီစဉ်ထားပါတယ်။ နှစ်စဉ် ပေးနိုင်အောင်လည်း အားထုတ်မှာပါ။ ပေးတဲ့အခါမှာလည်း ဒီလိုမျိုး တော်တော်ကြီးကောင်းတဲ့ နိုင်ငံတကာအဆင့်ရောက်တဲ့သတင်းရှိမှ ပေးမယ်လို့လည်း မဟုတ်ဘူး။ သတင်းရဲ့အရည်အသွေးကြည့်မယ်၊ သတင်းရဲ့ Impact ကိုကြည့်မယ်။ သတင်းရဲ့ အရည်အသွေးရော၊ သတင်းသမားရဲ့ အရည်အသွေးရော၊ သူ့ရဲ့ Impact အကျိုးသက်ရောက်မှုရော ကောင်းတယ်ဆိုရင် အဲဒီသတင်းနဲ့ သတင်းသမားကို ပေးမှာပါ။”

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေနဲ့ အခုလို စတုတ္ထမဏ္ဍိုင်ဆု ချီးမြှင့်လိုက်တဲ့အတွက် သတင်းမီဒီယာအလုပ်ကနေ အနားယူဖို့အထိ ဖြစ်ပေါ်နေခဲ့တဲ့ စိတ်ခံစားချက်တွေကို တွန်းလှန်စေတဲ့အထိ ခွန်အားတွေ ဖြစ်စေတယ်လို့ စတုတ္ထမဏ္ဍိုင် ဆုရရှိခဲ့တဲ့ ကိုဆွေဝင်းက ပြောပါတယ်။

“စတုတ္ထမဏ္ဍိုင်သာ ပြောတယ်။ တကယ့်တကယ်တမ်းတော့ ကျနော်တို့ တိတိကျကျ အသိအမှတ်ပြုတာမရှိတဲ့ အခြေအနေမှာ အခုလိုမျိုး ကိုယ့်သတင်းစာလောကသား အချင်းချင်းကနေပြီးတော့ ဝိုင်းဝန်းပြီး ဂုဏ်ပြုကြတာ ကျနော်တို့အတွက် စိတ်ခွန်အားတွေ ဆက်ဖြစ်စေတယ်။ နောက်ပြီးတော့ ဒီလုပ်ငန်းမှာ ကျနော်တို့က ဘယ်လိုအခက်အခဲပဲရှိရှိ ဆက်လက်ပြီးတော့ ရပ်တည်ဖို့အတွက် ဒါတွေဟာ ကျနော်တို့အတွက် လောင်စာပေးတာပေါ့နော်။”

မြန်မာ သတင်းမီဒီယာလောကအတွင်းက လူငယ်သတင်းသမားတွေအနေနဲ့ တိကျခိုင်မာတဲ့ သတင်းတွေကို အထောက်အထားခိုင်ခိုင်နဲ့ သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ ရေးသားဖို့ လိုသလို မြန်မာနိုင်ငံအတွင်းက သတင်းအမှန်တွေကို အင်္ဂလိပ်လို ရေးသားနိုင်တဲ့ သတင်းသမားတွေ ဖြစ်စေလိုတယ်လို့ ဦးသီဟစောက ဆိုပါတယ်။

“နိုင်ငံတကာကို စစ်စစ်မှန်မှန်နဲ့ တကယ့် Independent Story တွေဖြစ်နိုင်ရင် ပိုပြီးတော့ ကိုယ့်နိုင်ငံ သတင်းစာလောကအတွက် ကောင်းသလို ကိုယ့်နိုင်ငံအတွက်လည်း ကောင်းမယ်လို့ ယုံကြည်တယ်။ အဲဒီတော့ ကျနော်တို့ လူငယ်တွေကို ကိုယ့် Language Skill ကိုလည်း ပရော်ဖက်ရှင်နယ်ဖြစ်အောင် ကြိုးစားပါ။ အဲသလိုပဲ နိုင်ငံတကာအထိ ထိုးဖောက်နိုင်အောင် Language Skill လည်း ရအောင် ကြိုးစားပါလို့ ပြောချင်ပါတယ်။”

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ပေးအပ်တဲ့ စတုတ္ထမဏ္ဍိုင်ဆု ပေးအပ်တဲ့ ချီးမြှင့်ပွဲမှာ ကိုဆွေဝင်းနဲ့အတူ မြန်မာနိုင်ငံ ရေလုပ်သားတွေရဲ့ ကျွန်ပြုခံနေရတဲ့ ဘဝတွေကို ဖော်ထုတ်ရေးသားခဲ့ပြီး ပူလစ်ဇာဆု ရရှိခဲ့သူ မအက်စတာထူးစံကိုလည်း ဂုဏ်ပြုဆု ပေးအပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013