DVB Logo
Home
နိုင်ငံတကာ
ကင်မ်ဂျုံအန်းနှင့် ပြေလည်နေသဖြင့် တောင်ကိုရီးယားနှင့် စစ်ရေးလေ့ကျင့်မှု ထရမ့်ပ် လျှော့ချ
DVB
·
August 17, 2026
Photo: Reuters/Ken Cedeno
Photo: Reuters/Ken Cedeno
Donate to DVB

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ဆက်ဆံရေး အင်မတန်ကောင်းမွန်တာကြောင့် တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို သိသိသာသာ လျှော့ချသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဩဂုတ် ၁၆ ရက်မှာ ပြောပါတယ်။

အီရန်နိုင်ငံ နျူကလီးယားဖျက်သိမ်းရေးကိစ္စမှာ အမေရိကန်နဲ့ ပူးပေါင်းဖို့ တောင်ကိုရီးယားက ငြင်းဆန်ခဲ့တာကိုလည်း ထရမ့်ပ်က Truth Social လူမှုကွန်ရက်မှာ ထောက်ပြထားပါတယ်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဟာ ကုန်ကျစရိတ်များသလို မြောက်ကိုရီးယားဆီကို “လုံးဝ မသင့်လျော်တဲ့၊ ရန်လိုတဲ့ သတင်းစကား ပေးပို့ရာရောက်တယ်” လို့ ထရမ့်ပ်က ရေးပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ဩဂုတ် ၁၇ ရက်မှာ စတင်ဖို့ ရှိနေတာကြောင့် အခုအချိန်မှာ ဖျက်သိမ်းဖို့ နောက်ကျသွားပြီလို့လည်း ထရမ့်ပ်က ဆိုပါတယ်။

ဒါပေမဲ့ တောင်ကိုရီးယားဘက်ကတော့ Ulchi Freedom Shield ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်မယ်လို့ ပြောထားပါတယ်။

၁၁ ရက်ကြာ ပြုလုပ်မဲ့ ဒီစစ်ရေးလေ့ကျင့်မှုမှာ တောင်ကိုရီးယားတပ်ဖွဲ့ဝင် ၁၈,၀၀၀ ဝန်းကျင် ပါဝင်မှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဘက်ကတော့ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကို “ကျူးကျော်စစ်အတွက် အစမ်းလေ့ကျင့်မှု” လို့ ဩဂုတ် ၁၅ ရက်မှာ ရှုတ်ချခဲ့ပြီး ပဲ့ထိန်းဒုံးကျည်တွေကိုလည်း ထပ်မံစမ်းသပ်ခဲ့ပါတယ်။

လက်ရှိ တောင်ကိုရီးယားမှာ အမေရိကန်တပ်ဖွဲ့ဝင် ၂၈,၅၀၀ တပ်စွဲထားပြီး မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကြောင့် နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ပုံမှန်ပြုလုပ်နေတာ ဖြစ်ပါတယ်။

သမ္မတထရမ့်ပ်ဟာ ပထမသက်တမ်း ၂၀၁၈ ခုနှစ်တုန်းကလည်း ကင်မ်နဲ့ နျူကလီးယား ဆွေးနွေးပွဲတွေ လုပ်ဆောင်နေချိန်မှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို အပြီးအပိုင် ရပ်ဆိုင်းခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013