DVB Logo
Home
မြန်မာသတင်း
မြန်မာအပေါ် စွပ်စွဲချက်များနှင့်ပတ်သက်၍ မလေးရှားသံအမတ်အား ဆင့်ခေါ်ကန့်ကွက်
DVB
·
December 7, 2016
မြန်မာအပေါ် စွပ်စွဲချက်များနှင့်ပတ်သက်၍ မလေးရှားသံအမတ်အား ဆင့်ခေါ်ကန့်ကွက်
Donate to DVB

မြန်မာအစိုးရက ရန်ကုန်ရှိ မလေးရှားနိုင်ငံသံအမတ်ကြီးကို ဆင့်ခေါ်ပြီး မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကိုယ်တိုင် ဦးဆောင်ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲနဲ့ပတ်သက်လို့ အံ့သြစိတ်ပျက်မိတယ်လို့ ပြောကြားလိုက်ပါတယ်။

မနေ့က နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး ဦးကျော်တင့်က မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှားသံအမတ်ကြီး မိုဟာမက် ဟာနက်ဖ် ဘင်အဘူရာမန်ကို ဆင့်ခေါ်ပြီး ပြောကြားခဲ့ တာလို့ နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီးက လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူမျိုးစုသုတ်သင်ရှင်းလင်းမှု စတဲ့ မဟုတ်မမှန် စွပ်စွဲချက်တွေကိုလည်း ကန့်ကွက်ခဲ့တယ်လို့ နိုင်ငံခြားရေးသတင်းမှာ ဖော်ပြပါတယ်။

မလေးရှားဝန်ကြီးချုပ်ရဲ့ ဒီလိုတာဝန်မဲ့ ပြောကြားမှုတွေဟာ လူ့အသိုင်းအ၀ိုင်း ၂ ခုကြား ကွဲပြားမှုကို ပိုမိုကြီးမားလာစေပြီး အစွန်းရောက် အကြမ်းဖက်ဝါဒကို နှိုးဆွပေးတဲ့ အကျိုးသက်ရောက်မှု တွေ ဖြစ်ပေါ်လာစေနိုင်တယ်လို့လည်း နိုင်ငံခြားရေးဒုဝန်ကြီးက မလေးသံအမတ်ကို ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ ခင်မင်ရင်းနှီးတဲ့ဆက်ဆံရေးကို ဆက်လက် မြှင့်တင်သွားလိုတဲ့ ဆန္ဒရှိတယ်။

မြန်မာနိုင်ငံအပေါ် အဖွဲ့အစည်းအချို့က ရည်ရွယ်ချက် ရှိရှိနဲ့ ထိုးနှက်လုပ်ဆောင်နေတဲ့ မဟုတ်မမှန် သတင်းတွေ၊ ၀ါဒဖြန့်မှုတွေကြောင့် နားလည်မှု လွဲမှားတာ မဖြစ်ဖို့ လိုတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ပဋိပက္ခတွေ ဖြစ်ပေါ်လာပါက ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို အလေးထားပြီး ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းတဲ့မူကို စောင့်ထိန်းဖို့ အရေးကြီးတယ် လို့လည်း မလေးရှားသံအမတ်ကို အသိပေး ပြောခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ဒေါ်အေးအေးစိုးက မလေးရှားဝန်ကြီးချုပ်ရဲ့ ပြောစကားတွေ က ပြင်းထန်လွန်းတဲ့အတွက် အခုလို မလေးရှားသံအမတ်ကို ဆင့်ခေါ်သတိပေးရတာလို့ ပြောပါ တယ်။

“ဆင့်ခေါ်တယ်ဆိုတာ ကိုယ့်ဆီ ခေါ်လိုက်တယ်၊ ပြောစရာ ရှိတာ ပြောလိုက်တယ်။ ပြီးတော့ သတိထောက်လွှာပေါ့၊ ကိုယ်ပြောတဲ့ဟာတွေကို သူ့နိုင်ငံကို ပြန်ပြီးတော့ ရီပို့ လုပ်ရအောင် စာနဲ့ အကျဉ်းချုပ် ရေးပြီးတော့လည်း လက်ထဲ အပ်တယ်၊ ဒါက သံတမန် လုပ်ထုံးလုပ်နည်းပါ။ ကျမတို့ အကြီးအကျယ် ကန့်ကွက်တယ်၊ သူ (မလေးရှားဝန်ကြီးချုပ်) သုံးတဲ့ စကားတွေက ပြင်းလွန်းအားကြီး တယ်၊ မဟုတ် မမှန်တဲ့အပေါ် အခြေခံပြီးတော့ စွပ်စွဲတယ်၊ အဲ့ဒါကိုတော့ ကျမတို့ဘက်က တိတိကျကျ ပြတ်ပြတ်သားသား ပြောလိုတယ်။”

နိုင်ငံခြားရေးဒုဝန်ကြီး ဦးကျော်တင်က ရခိုင်ပြည်နယ်မောင်တောအရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရ ကိုယ်တွယ် လုပ်ဆောင်နေပုံတွေကို မလေးရှားသံအမတ်ကြီးအား ရှင်းလင်း ပြောကြားခဲ့ပြီး အာဆီယံဒေသတည်ငြိမ်းအေးချမ်းဖို့ မြန်မာက လုပ်ဆောင်သွားမယ့်အကြောင်း ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်က မလေးရှားနိုင်ငံ၊ ကွာလမ်လာပူမြို့မှာ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် ဦးဆောင်တဲ့ ဆန္ဒပြပွဲတရပ် အကြီးအကျယ်ပြုလုပ်ခဲ့ပြီး ရခိုင်ဒေသမှာ မြန်မာအစိုးရက လူမျိုးသုဉ်းသတ်ဖြတ်နေတယ်လို့ စွတ်စွဲ ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013