DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်သဘောတူစာချုပ်ရှိသည့်ကာလအထိ စီမံကိန်းကြီးများ ရပ်တန့်ရန် တောင်းဆို
DVB
·
December 7, 2016
ဖက်ဒရယ်သဘောတူစာချုပ်ရှိသည့်ကာလအထိ စီမံကိန်းကြီးများ ရပ်တန့်ရန် တောင်းဆို
Donate to DVB

အကြီးစားရေကာတာစီမံကိန်းများ၊ အထူးစီးပွားရေးဇုန်နှင့် တန်ဖိုးကြီးသော သယံဇာတ တူးဖော် ထုတ်ယူသုံးစွဲခြင်း လုပ်ငန်းများကို "ဖက်ဒရယ် သဘောတူစာချုပ်" ရရှိသည့်ကာလအထိ ရပ်ဆိုင်းထား ဖို့ မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ရက်က တောင်းဆိုလိုက်ပါတယ်။

ရေကာတာစီမံကိန်းတွေကြောင့် လက်ရှိရင်ဆိုင်နေရတဲ့ ရွှေလီ၊ ပေါင်းလောင်း၊ ထမံသီ၊ မြစ်ဆုံနဲ့ သံလွင်ဒေသခံတွေရဲ့ ဘဝအခက်အခဲအခြေအနေတွေနဲ့ ပတ်သက်ပြီး ‘ဖွံ့ဖြိုးရေးနောက်ကွယ် ကသူတို့အသံ’ ဆိုတဲ့ ရုပ်သံမှတ်တမ်းကို ဒီကနေ့ ဖြန့်ချိပြီးတောင်းဆိုလိုက်တာဖြစ်ပါတယ်။

အထူးသဖြင့် ထမံသီနဲ့ ပေါင်းလောင်းရေကာတာတည်ဆောက်မှုကြောင့် ဒေသခံတွေနေရာ ရွှေ့ပြောင်းပေးခဲ့ရပြီး အပြန်လည်အစားထိုးနေထိုင်တဲ့နေရာတွေမှာလည်း စိုက်ပျိုးစားသောက်ရတာ အဆင်မပြေဖြစ်နေတယ်လို့ မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ရက်အဖွဲ့ဝင် မိအားချိုင်းက ပြောပါတယ်။

“ပြောင်းရွှေ့ရတာက ပေါင်းလောင်းမှာကျတော့ ၂၃ ရွာပေါ့နော်။ ထမံသီမှာကတော့ ၂ ရွာ။ သူတို့နေ ဖို့ထိုင်ဖို့က ဥပမာ ထမံသီဆိုရင် သူတို့ ရွာသစ်ကိုပြောင်းလိုက်တယ်။ ရွာသစ်မှာကျတော့ စိုက်ပျိုးရေး တွေ လုံးဝ အဆင်မပြေဘူး။ ပေါင်းလောင်းမှာကျတော့ သူတို့ဟိုတောင်ထိပ်မှာ ရွှေ့ပြောင်းပြီးတော့မှ နေရာသွားချထားပေးတာ။ တောင်ထိပ်မှာဆိုတော့ သစ်ပင်တွေမရှိဘူး။ ရေကလည်း အရမ်းအခက် အခဲဖြစ်တယ်။ နောက်တခုကျတော့ အိမ်ခြံအကွက်တွေပေးထားတာက အရမ်းကိုကျဉ်းတယ်။ ဒါ သူတို့အတွက် အရမ်းကို အခက်အခဲဖြစ်တာပေါ့နော်။”

ရှမ်းပြည်နယ်မြောက်ပိုင်း ရွှေလီမြစ်ပေါ်မှာ တည်ဆောက်ပြီးတဲ့ ရွှေလီရေကာတာအမှတ် (၁) စီမံကိန်း မှာ လုံခြုံရေးယူနေတဲ့မြန်မာ့တပ်မတော် ခြေမြန်တပ်ရင်း ၁၄၄ ဟာ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နေ့စဉ်နဲ့အမျှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

“ရေကာတာစီမံကိန်းကို ဆက်လက်လုပ်မယ်ဆိုရင်တော့ ပဋိပက္ခတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ၊ နေရာရွှေ့ပြောင်းမှုတွေဖြစ်စေမယ့်အပြင် မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း ခြိမ်းခြောက်မှု ဖြစ်စေပါတယ်”လို့ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့မှ မိုင်းအမ်ငေးက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့အဓိက အသက်သွေးကြောဖြစ်သော ဧရာဝတီမြစ်နဲ့ သံလွင်မြစ်တွေမှာလည်း ရေကာတာစီမံကိန်းကြောင့် ပြောင်းရွှေ့ခံခဲ့ရသောဒေသခံပြည်သူများသည် အခက်အခဲအမျိုးမျိုးနဲ့ ကြုံတွေ့နေတယ်လို့ ပြောပါတယ်။

“သူ့တို့ပြောင်းရွှေ့ခံရပြီတော့မှ သူတို့ရဲ့ စားဝတ်နေရေး ပြန်လည်အစားထိုးပေးတဲ့နေရာတွေဟာ ဘယ်လောက်ထိအခက်အခဲဖြစ်လဲဆိုတာ မက်စေ့ပေးချင်တယ်။ သံလွင်တို့၊ မြစ်စုံတို့ ပြန်စမယ်ဆိုတဲ့ အနေအထားမှာရှိတယ်။ သူတို့ထပ်လုပ်မယ်ဆိုရင် ဘယ်လောက်ထိဒေသခံတွေ အဲလိုမျိုး ဆိုးကျိုးတွေ ဘယ်လောက်ထိ ကြုံတွေ့ရဦးမလဲပေါ့နော်။ ”

တည်ဆောက်ပြီးစီးခဲ့တဲ့ ရေကာတာစီမံကိန်းနဲ့ ရပ်ဆိုင်းထားတဲ့ ရေကာတာစီမံကိန်းတွေအပါအဝင် ပြောင်းရွှေ့ခံခဲ့ရတဲ့ ကျေးရွာတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေ၊ ဖျက်ဆီးခံခဲရတဲ့ သီးစားတွေအတွက် နစ်နာ ကြေး၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သက်ဆိုင်ရာအစိုးရနဲ့ ကုမ္ပဏီတွေက လုံလောက်တဲ့ လျော်ကြေးအပြည့်အဝ ပြန်ပေးရမယ်လို့လည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် တည်ဆောက်ပြီးစီးခဲ့တဲ့ ရေကာတာစီမံကိန်းတွေကနေ ထွက်ရှိခဲ့ လျှပ်စစ်ဓာတ်အားတွေ ကိုလည်း ပြည်နယ်တိုင်းဒေသအလိုက် တန်းတူခွဲဝေအသုံးပြုသွားရမယ်လို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013