DVB Logo
Home
Lead Story
အစိုးရသစ်လက်ထက် ပြည်လည်ထွက်ပေါ်လာသည့် နောက်ကွယ်က လက်မည်းကြီးများ
DVB
·
December 7, 2016
အစိုးရသစ်လက်ထက်  ပြည်လည်ထွက်ပေါ်လာသည့် နောက်ကွယ်က လက်မည်းကြီးများ
Donate to DVB

အစိုးရသစ်လက်ထက် နောက်ကွယ်က လက်မည်းကြီးများ တဖန်ပြည်လည် ထွက်ပေါ်လာပြီလို့ နိုင်ငံပိုင်ပြန်ကြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၇ ရက် မနက်အစောပိုင်းမှာ သူ့ အမ်အိုအိုင် ဝက်ဘ်ဆိုဒ်ကနေ တရားဝင်ထုတ်ပြန် ရေးသားဖော်ပြလိုက်ပါတယ်။

“ရခိုင်ပြည်နယ်မှ အကြမ်းဖက်ဖြစ်စဉ်နှင့် လက်မည်းကြီးများ၏ ဝါဒဖြန့်တိုက်ပွဲ” လို့ ခေါင်းစဉ်တပ် ရေးသားဖော်ပြထားတဲ့ စာစုထဲမှာ လက်မည်းကြီးတွေဟာ ရခိုင်ပြည်နယ်၊ မောင်တောက ပုံကြီးချဲ့သတင်းတွေကို ထပ်ဆင့်လှုံ့ဆော်ရင်း ထွက်ပေါ်လာကြတာလို့ ဆိုထားပါတယ်။

“လူမျိုးရေး၊ ဘာသာရေး ခွဲခြားဖိနှိပ်မှု၊ လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide)၊ လူမျိုးရေး သန့်စင်မှု (Ethnic Cleansing) စသည့် ပုံကြီးချဲ့သတင်းများ ထွက်ပေါ်လာမှုနှင့်အတူ နောက်ကွယ်မှ လက်မည်းကြီးများကလည်း ထပ်ဆင့်လှုံ့ဆော်ကြပြန်ရာ နားယောင်သူအချို့မှာ မခံမရပ်နိုင်ဖြစ်ကာ နိုင်ငံအချို့တွင် ဆန္ဒပြပွဲများ ပြုလုပ်ခြင်း၊ ပြည်ပရှိ လူနည်းစု မြန်မာနိုင်ငံသားများ ခြိမ်းခြောက်ခံရခြင်း စသည်ဖြင့် ပဋိပက္ခမျိုးစုံကို ဂယက်ထ ဆူပွက်စေခဲ့သည်။ ထို့အတူ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် နိုင်ငံအချို့မှ တာဝန်ရှိသူများကလည်း သံယောင်လိုက်ပြီး လူသားချင်း စာနာထောက်ထားမှုပြကာ ပဏ္ဏာယူခြင်း၊ စွက်ဖက်ခြင်း၊ ဖိအားပေးခြင်းများဖြင့် ''ပွဲလန့်တုန်း ဖျာခင်းဆိုသကဲ့သို့'' ပွဲဆူအောင် တွန်းပို့ကြလေသည်။”

မောင်တောအရေး စတင်ခဲ့တဲ့ အောက်တိုဘာ ၉ ရက် နောက်ပိုင်းမှာ မွတ်စလင် အစွန်းရောက် အဖွဲ့အစည်းအချို့က ၎င်းတို့ လုပ်ကြံဖန်တီးထားသော လူမျိုးစုအမည်ဖြင့် အင်တာနက် လူမှုကွန်ရက်တခုကို ဖန်တီးပြီး အကြမ်းဖက်သမားများကို အမွှမ်းတင် ထုတ်လွှင့်တယ်။

ဒီလို မဟုတ်မမှန် လုပ်ကြံဖန်တီးထားတဲ့ လုပ်ကြံထုတ်လွှင့်ခြင်းတွေကို နိုင်ငံတကာ သတင်းမီဒီယာများထံ အစီအစဉ်ရှိရှိ ပေးပို့တယ်။ နိုင်ငံတကာ မီဒီယာကြီးများအနေနဲ့လည်း အဲဒီ လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေကို တလေသံတည်း ထပ်ဆင့်ထုတ်လွှင့်ခဲ့လို့ သတင်းမှားတွေက ဖြစ်ရပ်မှန်တွေကို လွှမ်းမိုးပြီး မုသာဝါဒများက ကမ္ဘာတဝန်းသို့ ပျံ့နှံ့လွှမ်းခြုံသွားတော့တယ်လို့ အစိုးရပြန်ကြားရေးက ရေးပါတယ်။
တခါ ဒီသတင်းအတုအယောင်တွေကို ချေဖျက်ဖို့ အစိုးရရဲ့ အရေးပေါ် သတင်းထုတ်ပြန်ရေး အဖွဲ့ဟာ ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက်ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှစပြီး မြေပြင်သတင်းများ ထုတ်ပြန်ပေးလျက်ရှိတယ်လို့ ပြန်ကြားရေးက ဆိုပါတယ်။

အရေးပေါ် သတင်းထုတ်ပြန်ရေးအဖွဲ့ သွားရောက်ခဲ့မှုအပေါ် အခြေခံပြီး ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာအဖွဲ့များ စုဖွဲ့သွားရောက် သတင်းရယူနိုင်ရေးအတွက် ခရီးစဉ်နေရာ လုံခြုံရေး၊ ခရီးစဉ်လမ်းကြောင်း လုံခြုံရေးနှင့် ယာဉ်တန်းလုံခြုံရေး ကိစ္စရပ်များအပြင် အုပ်ချုပ်မှုကိစ္စရပ်များ လိုအပ်မှုအတွက် သက်ဆိုင်ရာများနှင့် ညှိနှိုင်းစီစဉ်ဆောင်ရွက်လျက် ရှိနေတယ်လို့လည်း ဆက်လက်ဖော်ပြထားတာ တွေ့ရပါတယ်။

“ယနေ့ ရခိုင်ပြည်နယ် မောင်တောဒေသ၏ အနေအထားမှာလည်း သတင်းမှားများကြောင့် သံသယအကျိုးဆက်များ ဖြစ်ပွားနေခြင်းအပေါ် နိုင်ငံတကာမီဒီယာကြီးများက ကျင့်ဝတ်နှင့်အညီ သတင်းမှန်များ ထုတ်လွှင့်၍ အမှန်တရားကို ဖော်ထုတ်ပေးခြင်းဖြင့် လောကပါလတရားများ ဖြစ်ထွန်းပြီး အကျိုးကျေးဇူးများ ရရှိခံစားနိုင်သည်ကို တွေးတောမိရင်း ''ရခိုင်ပြည်နယ်မှ အကြမ်းဖက် ဖြစ်စဉ်နှင့် လက်မည်းကြီးများ၏ ဝါဒဖြန့်တိုက်ပွဲ'' ဟု သုံးသပ်တင်ပြလိုက်ရပါသည်” လို့ ပြန်ကြားရေးစာစုက အဆုံးသတ်ထားပေမယ့် ဘယ်နိုင်ငံတကာမီဒီယာ ဆိုတာကိုတော့ တိတိကျကျ မဖော်ပြထားပါဘူး။

အစိုးရသစ်လက်ထက် နိုင်ငံတကာမီဒီယာတွေအပေါ် ပြစ်တင်ဝေဖန်မှု အစောဆုံးဖြစ်ပြီး အရင် ဦးသိန်းစိန်အစိုးရလက်ထက်တုန်းကလိုပဲ နောက်ကွယ်က လက်မည်းကြီးတွေလို့ သုံးနှုန်း ရေးသားဖော်ပြလာတာ ဖြစ်တယ်။ ရေးသားသူ နာမည်ဖော်ပြမထားဘဲ ပြန်ကြားရေးဝက်ဘ်ဆိုဒ်မှာ ရေးသားဖော်ပြခဲ့တဲ့အတွက် အစိုးရအာဘော်လို့ပဲ သုံးသပ်ရမှာဖြစ်တယ်။

လူထုတင်မြှောက်ထားတဲ့ အစိုးရတရပ်အနေနဲ့ ဒီထက် တိကျသေချာတဲ့ သတင်းထုတ်ပြန်မှုမျိုး ရေးသားထုတ်ပြန်ဖို့လိုပြီး ဘယ်နေ့ ဘယ်အချိန်မှာ နိုင်ငံတကာ မီဒီယာတွေအနေနဲ့ မောင်တောဒေသမှာ သတင်းဝင်ရောက် ရယူနိုင်တယ်ဆိုတဲ့ သတင်းစကား တိတိကျကျ ပါးဖို့လိုတယ်။

အခု ပြန်ကြားရေးဝက်ဘ်ဆိုဒ်က ရေးသားဖော်ပြထားတဲ့ စာစုမျိုးကို အရင်အစိုးရ အဆက်ဆက် လက်ထက် တွေ့မြင်နေကျဖြစ်လို့ ထိရောက်မှု သိပ်ရှိမှာမဟုတ်ဘူးလို့ပဲ မြင်မိတယ်။

ကိုရွှေအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013