
ပဲခူးတိုင်း တောင်ငူမြို့နယ်က ကျွန်းကုန်းနယ်မြေ ရဲစခန်းအပိုင် ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ ဒီကနေ့မနက်က နွားလှည်းနဲ့ ၁၂ ဘီးယာဉ်တိုက်မိပြီး ယာဉ် ၃ စီးဆင့် တိုက်တဲ့အတွက် လူ ၃ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၁၈၃ မိုင် ၂ ဖာလုံနဲ့ ၃ ဖာလုံကြားမှာ ဥသျှစ်ကုန်းရွာနေ ဦးထွန်းထွန်းဦး မောင်းနှင်လာပြီး တရွာတည်းနေ ဒေါ်အေးခိုင် (၄၂ နှစ်) နဲ့ ညီမဖြစ်သူ မဖြူဝင်း (၂၅ နှစ်) တို့ လိုက်ပါလာတဲ့ နွားလှည်းယာဉ်ကို လားရာတူ မောင်းနှင်လာတဲ့ ယာဉ်မောင်းစုံစမ်းဆဲ ၁၂ ဘီးကားက ဝင်ရောက်တိုက်မိခဲ့တာပါ။
နွားလှည်းကို တိုက်မိတဲ့ ၁၂ ဘီးယာဉ်ကို ယာဉ်မောင်း ဦးခင်မောင်အေး မောင်းနှင်လာတဲ့ Honda Fit ကားက နောက်ကနေ ထပ်မံတိုက်မိတဲ့အတွက် ယာဉ်မောင်း အပါအဝင် ဇနီး ဒေါ်စိန်မြင့် (၆၂ နှစ်) နဲ့ ဦးချိုဦး (၃၉ နှစ်) တို့ ၃ ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး တဦး ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ကျွန်းကုန်းနယ်မြေရဲစခန်းက တာဝန်ရှိသူတဦးက “ဖြစ်တာက ၁၂ ဘီးကားက လှည်းကို ရှောင်ရာကနေ လမ်းအရှေ့ဘက်ယာဉ်ကြောကို ရောက်သွားတယ်။ လှည်းကိုလည်း တိုက်မိသွားသေးတယ်။ အဲ့နောက်ကမှ ကားလေးက ထပ်ဝင်တိုက်မိတာ၊ ကားကြီးက ဒရိုင်ဘာရော စပယ်ယာပါ ထွက်ပြေးသွားတယ်။ ကျနော်တို့ရောက်လာတော့ မရှိတော့ဘူး။ မီးသွေးအိတ်တွေ အောက်က သစ်(ဘား)တွေပါ၊ သစ်တောကိုလည်း အကြောင်းကြားပြီး ခေါ်ထားပါတယ်။ အခုလောလောဆယ် ကားလေးက ကျား ၂ ဦး၊ မ ၁ ဦး သေဆုံးပြီး ကျား ၁ ဦးဒဏ်ရာရပြီး လှည်းကတော့ ကျား ၁ ဦး၊ မ ၂ ဦးလုံး ဒဏ်ရာရသွားပါတယ်” လို့ ပြောပါတယ်။
သတင်း - သားကြီး (တောင်ငူ)











