Homeမြန်မာသတင်း
မုံးကိုးမြို့အနီး လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသား ၃ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ
မုံးကိုးမြို့အနီး လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသား ၃ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ
နော်နိုရင်း
·
December 6, 2016

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ မုံးကိုးမြို့နားမှာ မြန်မာ့တပ်မတော်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ကလေးငယ်တွေအပါအ၀င် ရွာသား ၃ ဦးသေဆုံးပြီး ၆ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ မုံးကိုးနှစ်ခြင်းခရစ်ယာန်အသင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်ပိုင်းက မြန်မာ့တပ်မတော်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မုံးကိုးမြို့နဲ့ ၆ မိုင်လောက်ဝေးတဲ့ ကောင်းလုံနမ်ဟာ မလောင်ရွာမှာ ဗုံးကျပြီး နေအိမ်ပျက်စီး၊ လူတွေ သေဆုံးသွားရတာပါ။
မုံးကိုးမြို့ နှစ်ခြင်းခရစ်ယာန်အသင်းဥက္ကဋ္ဌ ဦးတီတီအောင်လတ်က“တနေ့က ကောင်းလုံနမ်ဟာ ပလောင်ရွာက ရွာသားတွေ ၃ ယောက် သေဆုံးတယ်။ နောက်ပြီး ၆ ယောက် ဒဏ်ရာရတယ်။ အဲဒါ လေယာဉ်ပျံ ဗုံးကြဲလို့။ အဲဒီရွာက ကိုးကန့်တပ်ဖွဲ့လည်း မရှိဘူး။ ဘယ်အဖွဲ့မှလည်း မရှိဘူး။ အဲဒါမျိုး ရွာကို ဗုံးလာကြဲတာ။ လေယာဉ်ပျံက အမြင့်က လာတယ်ဆိုတော့ အောက်မှာ ဘာရှိ၊ မရှိ ကောင်းကောင်းမကြည့်ဘူးနဲ့တူတယ်။ သေသွားတာက ၃ ယောက်ရှိတယ်။ ဒဏ်ရာရတာက ၆ ယောက်။ ကျနော်တို့ နှစ်ခြင်းခရစ်ယာန်အဖွဲ့က တာဝန်ယူ လူလွှတ်ပြီးတော့ သွားကယ်လာခဲ့ပါတယ်။ အခုက တရုတ်ပြည်ဆေးရုံမှာ ရောက်နေပြီ။ မန်ဟိုင်ဆေးရုံနဲ့ မန်စီဆေးရုံ ရောက်သွားတယ်။ မန်စီဆေးရုံ ၂ ယောက် ရတယ်။ အဲဒါ ဒဏ်ရာပြင်းထန်တဲ့လူပေါ့။”
ဒဏ်ရာရသူ ၆ ဦးမှာ အသက် ၁၀ နှစ်ကျော်ကနေ ၄၀ ကျော်အကြားရှိပြီး သေဆုံး သူတွေကတော့ အသက် ၅၀ကျော် အမျိုးသမီးကြီးတယောက်၊ ကောင်မလေးတယောက်နဲ့ အသက် ၄၀ အရွယ်တဦး ပါဝင်တယ်လို့လည်း ဦးတီတီနောင်လတ်က ပြောပါတယ်။
ကောင်းလုံနမ်ဟာရွာမှာ အိမ်ခြေ ၈၄ အိမ်ရှိပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၆ လုံးလည်း လုံးဝ ပျက်စီးသွားခဲ့သလို တရက်တည်းမှာပဲ မုံကိုးမြို့က ရပ်ကွက် ၅ နဲ့ ရပ်ကွက် ၆ မှာ ဒေသခံတွေ ရိတ်သိမ်းထားတဲ့ စပါးတွေမီးရှို့ဖျက်စီးခံခဲ့ရပြီး ရပ်ကွက်တွင်းက အိမ်တချို့လည်း မီးစွဲလောင် ပျက်စီးသွားတယ်လို့ဆိုပါတယ်။
နိုဝင်ဘာလ ၂၀ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် မုံးကိုမြို့ ဒေသခံတွေဟာ တရုတ်ပြည်ဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြပြီး ထွက်ပြေးတိမ်းရှောင်လာတဲ့ ရွာသားတွေကို တရုတ်အစိုးရက ကူညီစောင့်ရှောက်ထားပါတယ်။
ဒီတိုက်ပွဲကို အမြန်ဆုံး ရပ်တန့်ပေးဖို့လည်း ဦးတီတီနောင်လတ်က တောင်းဆိုသွားပါတယ်။
“အခု ကျနော်တို့ နိုင်ငံတော်တပ်မတော်ကိုလည်း ကျနော်တို့ တောင်းပန်ချင်ပါတယ်။ ဒါမျိုး ဆက်ပြီးတော့ မလုပ်ဖို့၊ တိုက်ပွဲဖြစ်တယ်ဆိုတာ တကဏ္ဍပေါ့။ ပြည်သူလူထု ဖြစ်ခိုင်းတာ မဟုတ်ဘူး။ ပြည်သူလူထုသွားခေါ်လာတာလည်း မဟုတ်ဘူး။ အခုဖြစ်နေတာက ပြည်သူလူထုပဲ အကြီးအကျယ် ဒုက္ခရောက်နေတယ်။ အခုက အိမ်လည်း မပြန်ရဘူး။ အိမ်က ပစ္စည်းတွေလည်း အကုန်လုံး ပစ်စလက်ခတ် ဖြစ်ကုန်တယ်လို့ သတင်းက ကြားနေပါတယ်။ အဲဒါ စိတ်မကောင်းပါဘူး။ ဒါကြောင့် ဒီလိုစစ်ပွဲတွေ ထပ်ပြီးတော့မဖြစ်အောင် ကျနော်တို့ တောင်းဆိုချင်ပါတယ်။”
မြန်မာတပ်မတော်ကတော့ ကေအိုင်အေ၊ တီအန်အယ်လ်အေ၊ အမ်အန်ဒီအေအေနဲ့ အေအေ တပ်ဖွဲ့တွေက ဒီဇင်ဘာ ၁ ရက်က စပြီး မုံးကိုးမြို့ရှိ တပ်မတော်စခန်းတွေကို စခန်းသိမ်း တိုက်ပွဲဆင်နွှဲခဲ့လို့ တပ်မတော်က လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူတွေသုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့ရတဲ့အကြောင်းနဲ့ မုံးကိုးမြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး အဆောက်အအုံတွေ၊ ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ သတင်းထုတ် ပြန်ထားပါတယ်။