
မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စကို မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ် ခေါင်းဆောင်တဲ့ အာဏာရ ယူအမ်အန်အို ပါတီက လူထုစည်းဝေးပွဲကျင်းပဆန္ဒပြခဲ့တဲ့အပေါ် မြန်မာမွတ်စလင် အရပ်ဘက် အဖွဲ့အစည်းများမဟာမိတ်အဖွဲ့က လက်မခံတဲ့အကြောင်း အိတ်ဖွင့်ပေးစာပေးဖို့ ကန့်ကွက်လိုက်တယ်။
ဒီဆန္ဒပြပွဲဟာနိုင်ငံရေးအမြတ်ထုတ်တာသာဖြစ်ပြီး ပြည်တွင်းရေးကို တခြားတနိုင်ငံက ၀င်ရောက်စွက်ဖက်တာကို လက်မခံနိုင်ကြောင်း မြန်မာမွတ်စလင်မဟာမိတ်အဖွဲ့ရဲ့ ပြောခွင့်ရသူ မမြတ်နိုးဦးက ပြောပါတယ်။
“အဓိကကတော့ဒါ ကျမတို့ မြန်မာမွတ်စလင်တွေရဲ့ ရပ်တည်ချက်ကို ကျမတို့ ဖော်ထုတ်ပြ တာပေါ့နော်။ ပြည်တွင်းရေးဖြစ်နေတဲ့ကိစ္စတခုကို ကိုယ့်ပြည်တွင်းက မဖြေရှင်းဘဲနဲ့ တခြားတနိုင်ငံ ကနေ ၀င်ရောက် စွက်ဖက်လာတဲ့ဟာကို ကျမတို့ လက်မခံနိုင်ဘူးပေါ့နော်။ ဘာသာရေးဆိုတဲ့ ခေါင်းစဉ်နဲ့ လာပြီးလုပ်တာကို ကျမတို့ လက်မခံဘူး။ သူတို့ရဲ့ နိုင်ငံရေး အကျိုးအမြတ်အတွက် လုပ်တယ်လို့ ကျမတို့ ယူဆတယ်။ အဓိကကတော့ မြန်မာမွတ်စလင်ဆိုတဲ့ခေါင်းစဉ်နဲ့ လာပြီးပြောတဲ့ သဘောရှိတယ် ပေါ့နော်။ အမှန်ကတော့ ဒီမှာဖြစ်နေတဲ့ပြသနာအရလည်း မြန်မာမွတ်စလင် အားလုံးကို ခြုံပြီးဖြစ်တာ မဟုတ်ဘူး။ အဲဒီအတွက် ဘာသာရေးဆိုတဲ့ဟာကို ကျမတို့ လက်မခံနိုင်ဘူး ဆိုတဲ့ သဘောနဲ့ ထုတ်လိုက်တာပါ။”
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်က မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူမှာ ကျင်းပတဲ့ လူပေါင်း သောင်းချီပါတဲ့ ဆန္ဒပြပွဲမှာ မလေးရှားဝန်ကြီးချုပ်နာဂျစ်က မြန်မာနိုင်ငံမှာ မွတ်စလင်လူနည်းစုတွေကို လူမျိုးတုန်းသတ်နေတယ်လို့စွပ်စွဲပြောကြားလိုက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရကိုလည်း ပြင်းထန်တဲ့စကားလုံးတွေနဲ့ ဝေဖန်ပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာမွတ်စလင်မဟာမိတ်အဖွဲ့ကတော့ မလေးရှားဝန်ကြီးချုပ် ဦးဆောင်တဲ့ ဒီဆန္ဒပြပွဲဟာ မလေးရှား အာဏာရပါတီရဲ့ နိုင်ငံရေးအကျိုး စီးပွားအတွက်သာ ရည်ရွယ်ကြောင်း၊ မြန်မာပြည်မှာ လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအရှုပ်အထွေးအပေါ် ကိုယ်ကျိုးရှာအမြတ်ထုတ်တာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဘာသာရေးနှိပ်ကွပ်မှုလို့ မယူဆဘဲ အငြင်းပွားဖွယ်ရာ လူမျိုးရေးပြဿနာရပ်လို့သာယူဆတဲ့အကြောင်း ဒီဇင်ဘာလ ၅ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အိတ်ဖွင့်ပေးစာမှာဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ် ရေရှည်တည်ငြိမ် အေးချမ်းမှုအတွက် နိုင်ငံတကာရဲ့ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုတွေ လိုအပ်နေကြောင်း၊ ခိုင်လုံမျှတတဲ့အချက်အလက်တွေမရှိဘဲ မလေးရှားမှာ စတင်လိုက်တဲ့ လူထုစည်းဝေးပွဲကြောင့် ရှုပ်ထွေးနေတဲ့ အခြေအနေဟာ ပိုမိုဆိုးရွားသွားစေနိုင်တယ် လို့လည်း စာမှာဖော်ပြထားပါတယ်။
အဲဒီအိတ်ဖွင့်ပေးစာကို အဖွဲ့ဝင် ၁၀ ဖွဲ့က လူငယ်အများစုပါဝင်သဘောတူ ထုတ်ပြန်လိုက်တာ ဖြစ်ပြီး မနေ့က အဲဒီအိတ်ဖွင့်ပေးစာကို ရန်ကုန်မှာရှိတဲ့ မလေးရှားသံရုံးဆီ သွားရောက်ပို့ဆောင်ခဲ့ တယ်လို့ မမြတ်နိုးဦးက ပြောပါတယ်။
မလေးရှားနိုင်ငံက ဆန္ဒပြပွဲမှာ ပါဝင်တဲ့ မလေးရှားဝန်ကြီးချုပ်ကို မြန်မာနိုင်ငံအရေးမှာ ၀င်ရောက်စွက်ဖက်တာတွေရပ်တန့်ဖို့ အမျိုးသားရေးလှုပ်ရှားနေတဲ့ ရဟန်းသံဃာနဲ့ လူ ၁၀၀ လောက် ကလည်း မနေ့က ရန်ကုန်မြို့ မြို့တော်ခန်း မရှေ့မှာ ဆန္ဒပြကြပါတယ်။
မလေးရှားနိုင်ငံက သြဇာရှိတဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ကတော့ ၀န်ကြီးချုပ် နာဂျစ် ဆန္ဒပြတာကို မေးခွန်းထုတ်လိုက်ပြီး အာဏာရှိတဲ့ အစိုးရအကြီး အကဲတစ်ယောက်အနေနဲ့ ကြေညာချက်ထုတ်တာဖြစ်ဖြစ်၊ ရ











