
ပဲခူးတိုင်း ကျောက်တံခါးမြို့မှာ ဒီဇင်ဘာလ ၅ ရက်နေ့ ညနေ ၅ နာရီလောက်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တဦး နေရာမှာပင်သေဆုံးခဲ့တယ်လို့ ကျောက်တံခါးမြို့မ ရဲတပ်ဖွဲစခန်းက သိရပါတယ်။
ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၁၁၆/၃ နဲ့ ၁၁၆/၄ အကြားမှာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ညောင်ဦးမြို့နယ်နေသူ ယာဉ်မောင်းဝင်းကို မောင်းနှင်လာတဲ့ နစ်ဆန်း အဖြူရောင် ၆ ဘီးယာဉ်နဲ့ မီးရထားရဲတပ်ဖွဲ့ ရင်းတိုက်ကုန်းတံတားရဲကင်းက ရဲတပ်သား ဟိန်းကျော်စွာလင်း မောင်းလာတဲ့ဆိုင်ကယ်တို့ လမ်းလယ်မှာ မျက်နှာချင်းဆိုင်တိုက်မိရာမှ ရဲတပ်သားဟိန်းကျော်စွာလင်း ဦးခေါင်းနဲ့ အခြားပြင်ပဒဏ်ရာတွေရရှိကာ နေရာပင်သေဆုံးခဲ့ကြောင်းသိရပါတယ်။
“တိုက်ပြီးပြီးချင်း ကားကိုမိတယ်ဗျ။ လမ်းလယ်မှာကို တိုက်တာအစကတော့ ရဲမှန်းမသိဘူး ပြီးမှ ရဲမှန်းသိတာ။ တိုက်တဲ့နေရာမှာတင် သေသွားတာ"လို့ ဒေသခံတဦးကပြောပါတယ်။
ယာဉ်တိုက်မှုအတွက် ကျောက်တံခါးမြို့မရဲတပ်ဖွဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄ - ကအရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကျော်အောင် (ကညွတ်ကွင်း)











