
ဧရာဝတီတိုင်း ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်ကို စစ်အာဏာရှင်တပ်က လေကြောင်း တိုက်ခိုက်မှု ကြောင့် နေအိမ်အဆောက်အအုံတွေ အများအပြား မီးလောင်နေတယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။
မေ ၂၇ ရက် ည ၁၀ နာရီကျော်လောက်နဲ့ ၂၈ ရက် မနက်အစောပိုင်းမှာ ရေကြည်မြို့နယ်ထဲက တောင်စမ်း၊ ကျောက်ချောင်း၊ ဖန်ခါးပြင်အပါအဝင် ကျေးရွာတွေကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံး ၅ လုံးထက်မနည်း ကြဲချခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “လေကြောင်းကနေ ဗုံးကြဲချသွားတာ။ အိမ်တွေမနည်းမီးလောင်နေတယ်။ လူတွေ အများစုကတော့ စစ်ရှောင်နေလို့ မရှိပါဘူး။ မိုးကလည်း သိပ်မရွာတော့ မီးလောင် အားကောင်းတယ်” လို့ ပြောပါတယ်။
စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသူတယောက်က “မီးလောင်တဲ့အိမ်တွေက အရပ်သား အိမ်တွေပါ။ ဒေသခံတွေက မရှိကြဘူး။ အမြောက်တပ်အနီးမှာကလည်း တိုက် ပွဲကဖြစ်နေတယ်။ တိုက်ပွဲဖြစ်နေတဲ့ ပတ်ဝန်းကျင်းကို လေကြောင်းကနေ ဗုံးကြဲချနေတာ” လို့ ပြောပါတယ်။
လေကြောင်းကနေ ဗုံးကြဲခံရတဲ့နေရာတွေရဲ့ အနီးတဝိုက်နဲ့ ရေကြည်အမြောက်တပ် အမတ ၃၄၄ အနီးမှာ လတ်တလော စစ်အာဏာရှင်တပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်အာဏာရှင်တပ်က အင်အားဖြည့်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မီးလောင်ဆုံးရှုံးမှုအခြေအနေကိုတော့ ဒေသခံတွေ တိမ်းရှောင်နေကြတာကြောင့် မသိရသေးပါဘူး။










