DVB Logo
Home
မြန်မာသတင်း
၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှု နှစ်၂၀ ပြည့် အခမ်းအနား တရားဝင်ကျင်းပခွင့်ရ
DVB
·
December 5, 2016
၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှု နှစ်၂၀ ပြည့် အခမ်းအနား တရားဝင်ကျင်းပခွင့်ရ
Donate to DVB

၁၉၉၆ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှု နှစ် ၂၀ ပြည့် နှစ်ပတ်လည်ကို ရန်ကုန်တက္ကသိုလ် RC ခန်းမအတွင်းမှာ တရားဝင် ကျင်းပပြုလုပ်ခွင့် ရရှိခဲ့ပါတယ်။

ဒီအစီအစဉ်ကို ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့၊ ၆ ရက်နေ့၊ ၉ ရက်နေ့တွေမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေက ဦးဆောင်ပြီး ပြုလုပ်တာ ဖြစ်ပါတယ်။

“၆ ရက်နေ့မှာ RC 2 ဘက်က သူငယ်ချင်းတွေနဲ့ အချိတ်အဆက်ရပြီးတော့ ဆန္ဒပြဖို့ အစီအစဉ်လေးတွေ ရှိတယ်ဆိုတာကြားတော့ ကျနော်တို့ လှည်းတန်းမှာ သွားရောက်ပူးပေါင်း ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြခဲ့ပြီးတော့ ကျိုက္ကဆံကွင်းကို ကျနော်တို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက လုပ်ဆောင်ခဲ့တဲ့ အနေအထားကတော့ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက်၊ ကျောင်းသားအရေးအတွက် တစုံတရာ အထောက်အပံ့ဖြစ်စေမယ်လို့ ရည်ရွယ်ချက်လေးနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ရဲ့ တာဝန်သိစိတ်နဲ့ လုပ်ဆောင်ချက်လေးတွေကို နောက်မျိုးဆက် လူငယ်တွေ သိရှိနားလည်စေချင်ပါတယ်” လို့ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုမှာပါဝင်ပြီး ဖမ်းဆီးခံခဲ့ရတဲ့ ကိုသာလင်းတင်က ပြောပါတယ်။

“ကျနော်တို့သူငယ်ချင်းတွေ အသိုင်းအဝိုင်းမှာ ကျနော်တို့က စာပေအနုပညာတွေ အားကောင်းတယ်၊ ကဗျာတွေ အားကောင်းတယ်။ အဲဒီအချိန်တုန်းက ကဗျာစာအုပ်တွေဆို အများကြီးထွက်တယ်။ ကျနော်တို့ ဒဂုံတက္ကသိုလ်ကမှ မဟုတ်ဘူး။ ကျန်တဲ့ GTI တို့ အကုန်လုံးပေါ့၊ RC 2 တို့၊ အဲဒီကနေပြီးတော့။ ဆိုလိုတာက စာဖတ်တဲ့၊ နိုင်ငံရေးကိုလေ့လာတဲ့ အဲဒီလို မျိုးဆက်တဆက် အဲဒီကာလက ရှိခဲ့ဖူးတယ်။ အဲဒီကျောင်းသားတွေကပဲ ဒီခေတ်၊ ဒီစနစ်မှာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ပညာရေးစနစ်၊ နောက်ပြီးတော့ မတရားဖိနှိပ်တဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်ရမယ်ဆိုတဲ့အတွေး၊ နိုင်ငံရေးအတွေးဟာ အဲဒီကနေ ပေါ်လာတာ။ အဓိကပြောချင်တာက အဲဒီအချိန်က စာဖတ်တဲ့ မျိုးဆက်သစ်တခုပေါ့ အဲဒီအချိန်က ရှိခဲ့ဖူးတယ်။ အဲဒါကို နောက်မျိုးဆက်ကို ပြောချင်တယ်” လို့ ၁၉၉၆ ကျောင်းသားဟောင်း ကိုအေးအောင်က ပြောပါတယ်။

၁၉၉၆ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့၊ ၆ ရက်နေ့၊ ၉ ရက်နေ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေကနေပြီးတော့ ဒီဇင်ဘာ ၆ ရက်နေ့ လှည်းတန်းဆန္ဒပြမှုကို ပြန်လည်ပုံဖော်ထားတာကိုလည်း တွေ့မြင်ရပါတယ်။

ဒီနေ့ကျင်းပတဲ့ အခမ်းအနားကို အနယ်နယ်အရပ်ရပ်က ကျောင်းသားတွေနဲ့ ၁၉၉၆ ခုနှစ်မှာ ပါဝင်ခဲ့တဲ့ နယ်ပေါင်းစုံက ကျောင်းသားတွေ တက်ရောက်ခဲ့သလို မျိုးဆက်သစ် ကျောင်းသားတွေလည်း လာရောက်လေ့လာခဲ့ပါတယ်။

ဒါ့အပြင် ၁၉၈၈ ခုနှစ် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းကိုနိုင် ကိုယ်တိုင်လည်း ဒီခန်းမအတွင်းမှာ တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။

၁၉၉၆ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့မှာ RIT ကျောင်းသားတွေကနေ စတင်ပြီး ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တာပါ။

အဲဒီနောက်ပိုင်း ဒီဇင်ဘာ ၆ ရက်နေ့ လှည်းတန်းဆန္ဒပြမှုကို ရန်ကုန်တက္ကသိုလ်၊ RIT ကျောင်းသားနဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား၊ RC 1 က ကျောင်းသားတွေ ပူးပေါင်းပြီး ၁၉၉၆ ခုနှစ် ကျောင်းသားသီးသန့်လှုပ်ရှားမှုကို ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013