
အရှေ့မြောက်ကုန်သွယ်ရာ လမ်းမကြီးပေါ်က ဂုတ်တွင်းတံတားရဲ့ ရေလယ်တိုင် ဩဂုတ် ၇ ရက် က ရေတိုက်စားသွားတာကြောင့် တန်ချိန်များတဲ့ကားတွေ ဖြတ်မရတော့ဘူးလို့ ဒေသခံတွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
ဂုတ်တွင်း ယာယီတံတား အောက်ခြေတိုင်ပြုတ်သွားလို့ ကားတစီးချင်း ဖြတ်နေရပြီး ကားကြီး တွေတော့ ရပ်ထားရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
ယာဉ်မောင်းတယောက်က “ကားကြီးက တန် ၄၀ နဲ့အောက်ပဲ ပေးဖြတ်တယ်။ တွဲကားခါလီ ရတယ်။” လို့ ပြောပါတယ်။
မိုးများလို့ ဂုတ်တွင်းချောင်းရေ တက်လာပြီး ရေစီးအရှိန်ကြောင့် ဂုတ်တွင်း ယာယီတံတားရဲ့ ရေလယ်ထောက်တိုင် နည်းနည်းပျက်စီးသွားတာလို့ သူက ပြောပါတယ်။
ဒေသခံ အမျိုးသားတယောက်က “အဆိုးကြီးတော့ မဟုတ်ပါဘူး။ ရေလယ်တိုင် ရေတိုက်စားပြီး ဖြစ်တာ။ နေ့လယ်လောက်က စဖြစ်တာ” လို့ ပြောပါတယ်။
ကျောက်မဲမှာတော့ မိုးကတိတ်သွားပြီဖြစ်ပေမဲ့ တောင်ပေါ်ဘက်တွေက မိုးဆက်ရွာနေတော့ တောင်ကျရေများနေတာလို့ သူက ပြောပါတယ်။
လတ်တလောမှာ ကားငယ်တွေ ပုံမှန်အတိုင်းသွားလာနိုင်ပေမဲ့ ကုန်တင်ကားတွေကိုတော့ တန်ချိန် လျှော့ချပြီး ဖြတ်ခိုင်းတာလို့ ဆိုပါတယ်။
ပုံမှန်ဆိုရင် ယာယီတံတားပေါ်ကနေ ကုန်နဲ့ယာဥ် တန် ၅၀ ဖြတ်ခွင့်ပြုထားပေမဲ့ အခုတော့ တန် ၄၀ အောက်ပဲ ဖြတ်ခွင့်ကန့်သတ်လိုက်တာလို့လည်း ဆိုပါတယ်။
ဒါ့အပြင် မိုးအဆက်မပြတ်ရွာနေတာကြောင့် နောင်ချိုကနေ ပြင်ဦးလွင်ဘက်အထွက် ကျောက်ကြမ်းနဲ့ အုမ္မခါးကြား ပြည်ထောင်စုလမ်းမကြီးပေါ်မှာလည်း ရေကျော်နေလို့ ကားငယ် တွေ သတိထားဖြတ်သန်းနေရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။










