ဂျပန်နိုင်ငံတွင် အခြေချနေထိုင်သည့် ဒုက္ခသည်များယဉ်ကျေးမှုပွဲတော်ဖွင့်လှစ်

ဂျပန်နိုင်ငံမှာ အခြေချနေထိုင်တဲ့ဒုက္ခသည်များဆိုင်ရာ ၃၇ ကြိမ်မြောက် ယဉ်ကျေးမှုပွဲတော်ကို တိုကျိုမြို့ ရှင်ဂျူခုအရပ်ရှိ၊ ဘန်ကာစင်တာမှာ ဒီဇင်ဘာ ၄ ရက်က ကျင်းပရာမှာ မြန်မာနိုင်ငံကိုယ်စား ပုညကာရီမွန်အမျိုးသားအဖွဲ့က မွန်ရိုးရာဟင်္သာအကနဲ့ ပါဝင်ကပြဖျော်ဖြေခဲ့ပါတယ်။
ဒီပွဲတော်ကို ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုတို့က ဒုက္ခသည်တွေနဲ့ ဂျပန်နိုင်ငံရောက် မြန်မာဒုက္ခသည်တွေ တက်ရောက်ခဲ့ကြပြီး ဂျပန်တရားရေးဝန်ကြီးဌာန ဒုဝန်ကြီး ရှိုဂိုဆာဆာကီလည်း တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ နှစ်ပေါင်း ၄၀ ကျော်အတွင်း အင်ဒိုချိုင်းနားဒေသက ဒုက္ခသည် ၁ သောင်း ၁ ထောင်ကျော်ကို လက်ခံထားပြီး ၁၉၈၈ခုနှစ်နောက်ပိုင်း မြန်မာအာဏာပိုင်တွေရဲ့ ဖမ်းဆီးနှိပ်စက် ထောင်ချမှုတွေနဲ့တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ခိုလှုံခွင့်ပေးခဲ့ပါတယ်။
လက်ရှိအချိန်မှာလည်း မြန်မာပြည်တိုင်းရင်းသားဒေသတွေ တိုက်ပွဲတွေဖြစ်နေတဲ့ အခြေအနေ နဲ့ တိုင်းပြည်စီးပွားရေးအခြေအနေတွေကြောင့် မြန်မာနိုင်ငံသားတွေ ဂျပန်မှာ ဆက်လက်ရှိနေနိုင် တယ်လို့ ပွဲတော်ကို တက်ရောက်လာသူ ပလောင်တိုင်းရင်းသား ဦးမိုင်ကျော်ဦးက ပြောပါတယ်။
၂၀၁၀ ခုနှစ်ကစပြီး ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေနဲ့ မလေးရှားနိုင်ငံကဒုက္ခသည် ၁၂၀ ကျော်ကို လက်ခံဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၇ မှာလည်း မလေးရှားကနေ ဆက်လက်ခေါ်ယူဖို့ အစီအစဉ်ရှိတယ်လို့ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်နေတဲ့ အာအိပ်ကျူ အန်ဂျီအိုအဖွဲ့ရဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။











