DVB Logo
Home
မြန်မာသတင်း
လားရှိုး တပ်သိမ်းမြေ ပြန်လည်စွန့်လွှတ်မည်မဟုတ်ဟု ပြည်ထဲရေးဒုဝန်ကြီးပြော
DVB
·
December 2, 2016
လားရှိုး တပ်သိမ်းမြေ ပြန်လည်စွန့်လွှတ်မည်မဟုတ်ဟု ပြည်ထဲရေးဒုဝန်ကြီးပြော
Donate to DVB

မူဆယ်-လားရှိုးလမ်းမကြီးပေါ်ရှိ တောင်သူ ၁၂ ဦး ပိုင်ဆိုင်ခဲ့တဲ့ တပ်သိမ်းမြေဧက ၃၀ ကျော်ကို ပြန်ပေးမှာမဟုတ်ဘဲ စစ်မှုထမ်းနယ်မြေအသုံးပြုဖို့ ထားရှိမယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ အမျိုးသားလွှတ်တော်မှာ လားရှိုးမြို့နယ် ကောင်းကြဲ (ပိတ်) ကျေးအုပ်စု၊ နားမွန် ကျေးရွာအတွင်းရှိ တောင်သူ ၁၂ ဦး ပိုင်ဆိုင်တဲ့ ကွင်းအမှတ် ၁၀၂၊ ဆွမ်ကွယ်ကွင်းနေရာ မူလ တောင်သူတွေဆီ ပြန်လည်စွန့်လွှတ်ပေးဖို့နဲ့ နစ်နာတောင်သူတွေကို ဘယ်လို ဖြေရှင်းဆောင်ရွက် ပေးမလဲဆိုတာ ဦးစိုင်းဝမ်းလှိုင်းခမ်းက မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဒီမေးခွန်းနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးကတော့ ဒီမြေတွေကို ပြန်လည်စွန့်လွှတ်ဖို့ အစီစဉ်မရှိကြောင်းနဲ့ အဆိုပါမြေမှာ အမည်ပေါက် ပိုင်ဆိုင်မှု စာရင်းမပါရှိတဲ့ အတွက် မြေယာလျော်ကြေးပေးဖို့ အစီစဉ်မရှိကြောင်း ဖြေကြားခဲ့ ပါတယ်။

“လွန်ခဲ့တဲ့ လွှတ်တော်သက်တမ်းကတည်းက နေတိုင်ခဲ့တာ တခြားတောင်သူတွေ ရသွားခဲ့တာ ရှိတာပေါ့။ ဒီဟာကတော့ ဒုဝန်ကြီးလာမြေသွားတာကတော့ သူတို့ မစွန့်လွတ်ဘူး ပေါ့လေ။ တပ်ကနေ လျောက်ထားပြီးတော့ စစ်မှုထမ်းဟောင်းတွေ အသုံးပြုဖို့အတွက် ထားတယ် ဆိုပြီးတော့ ပေါ့လေ။ ၀န်ကြီးလာဖြေသွားတာက ၂၀၀၂ ကတည်းက ဒီနေရာတွေက မြေလွတ်မြေရိုင်းတွေပေါ့လေ။ မှန်ကတော့ ဥပဒေမှာ ဟိုအရင်းကတည်း ကမရှိခဲ့တာလေ။ တောင်သူတွေကို ဘယ်တော့မှ မထုတ်ပေးခဲ့ဘူးလေ။ ၂၀၀၂ ကတိုတော့ စဉ်းစားကြည့်လေ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက ဖိုးဖွားပိုင်လယ်မြေ ဓမ္မဦးချ လုပ်ခဲ့ တဲ့မြေတွေလေ။ အဲဒါ သူတို့ ရဲ့စာရင်းထဲမ ၀င်ဘူး ပေါ့ဗျာ” လို့ ဦးစိုင်းဝမ်းလှိုင်းခမ်းက ပြောပါတယ်။

အဆိုပါမြေကို လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်က ကြက်ဆူပင်စိုက်ပျိုးဖို့အတွက်ဆိုပြီး တပ်မတော်က သိမ်းယူခဲ့တာဖြစ်ပါတယ်။
ဒီမြေတွေကို ပြန်မစွန့်လွှတ်တော့ဘူးလို့ ပြည်ထဲရေးဒုဝန်ကြီးက ဖြေကြားတဲ့အတွက် ၀မ်းနည်း ရကြောင်းနဲ့ တပ်မတော်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအပြင် ဆင်းရဲသားပြည်သူတွေကို ကူညီ ရမှာဖြစ်တယ်လို့ ဦးစိုင်းဝမ်းလှိုင်းခမ်းက ပြောပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်တယောက်ဆိုတာ ပြည်သူတွေရဲ့အခက်အခဲကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မှ ကျနော့်တာဝန်ကြေမယ်လို့ ကျနော်ခံယူတာပေါ့လေ။ အခုက အဲလိုဖြစ်နေတော့ ကြိုစားပြီး ဘယ်လိုဆောင် ရွက်သွားမယ်ဆိုတာကို စဉ်းစားသွားပါမယ်။ တပ်မတော်ကိုလည်း ပြောချင်ပါတယ်။ ပြည်သူချစ်တဲ့ တပ်မတော် တခုဖြစ်ချင်တယ်ဆိုရင်တော့ ဒီနိုင်ငံတော် လုံခြုံရေး အတွက် ကာကွယ်တဲ့အပြင်ပေါ့နော်။ ပြည်သူတွေဆီကနေ မရှိဆင်းရဲသားတောင်သူ လယ်သမားတွေဆီကနေ သိမ်းထားတဲ့မြေကိစ္စတွေကိုလည်း မြေမပေးရင်တောင်မှ သူတို့ နစ်နာမှုတွေကို ဘယ်လိုကုစားဖြေရှင်းပေးမလဲဆိုတာကို လုပ်မှဖြစ်မှာပါလို့ ကျနော်က ပြောချင်ပါတယ်။”

ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ ရှမ်းပြည်နယ်မှာ ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းယူထားတဲ့ လယ်ယာမြေတွေထဲက ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက စွန့်လွှတ်ခဲ့ပေ မယ့် တောင်သူတွေ ပြန်မရသေးတဲ့ ဧက ၄ သောင်းကျော်ကို စိစစ်ပြီး မူလပိုင်ရှင်တွေကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013