DVB Logo
Home
မြန်မာသတင်း
နေပြည်တော်ပျဉ်းမနားက သတင်းသမားတဦး ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ဖမ်းဆီးခံရ
DVB
·
December 1, 2016
နေပြည်တော်ပျဉ်းမနားက သတင်းသမားတဦး ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ဖမ်းဆီးခံရ
Donate to DVB

ထွန်း (နေပြည်တော်) ကလောင်နံမည်နဲ့ New Watch ဂျာနယ်နဲ့ Tomorrow ဂျာနယ် တွေမှာ သတင်းရေးသားနေတဲ့ ဦးမောင်မောင်ထွန်းဟာ နိုဝင်ဘာ ၂၉ ရက်က ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

၂၀၁၆ ဇူလိုင် ၃၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာဖော်ပြတဲ့ မြို့မဈေးနဲ့ပတ်သက်ပြီး သတင်းထောက်တဦးရဲ့တွေဆုံမေးမြန်းခန်းဖော်ပြမှုဟာ လက်တွေ့နဲ့ကိုက်ညီမှုမရှိတဲ့ အကြောင်းကို မြို့မထွန်းနံမည်နဲ့ Tomorrow ဂျာနယ်မှာ သတင်းဆောင်းပါး တပုဒ်ရေး သားဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး တရားစွဲခံရတာဖြစ်ပါတယ်။

ဒီဆောင်းပါးကို သခင်ညိုမှိုင်းဖေ့စ်ဘွတ်အကောင့်မှာပြန်ကူးယူဖော်ပြခဲ့တာကြောင့် ဆက်သွယ်ရေးပုဒ်မနဲ့ အခုလိုတရားစွဲဆိုခံခဲ့ရတာဖြစ်တယ်လို့ ဦးမောင်မောင်ထွန်းက ရှင်းပြပါတယ်။

"ကျနော်ကို အဲဒီတွေ့ဆုံမေးမြန်းခန်းက မှားနေတယ်ဆိုတာကို ဈေးသူဈေးသားတွေက ပြောကြတယ်။ ဝေဖန်နေကြတာတွေကိုကြားတယ်။ ကြေးမုံသတင်းစာမှာ ရေးသားဖော်ပြတဲ့ သတင်းထောက် ဇော်မင်းအောင်။ အဲဒါဖတ်ကြည့်ဆိုတော့ ပါလာတဲ့သတင်းကအလွဲကြီး အဲဒါကြောင့် သတင်းဆောင်းပါး တပုဒ်ရေးလိုက်တယ်။ Tomorrow ကိုပို့လိုက်တယ်။ အယ်ဒီတာ ထံပေးစာဆိုပြီး ဖော်ပြခဲ့တယ်" လို့ ဦးမောင်မောင်ထွန်းကပြောပါတယ်။

လူသတ်မှု၊ခိုးမှု၊ လိမ်လည်မှု၊ ရိုက်နှက်မှု စတဲ့ ရာဇ၀တ်မှုတွေကျူးလွန်တာမဟုတ်ဘဲ  ခုလို ပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့် အာမခံမပေးပဲ ချက်ခြင်းဖမ်းဆီးခဲ့တာဟာ တရားမျှတမှုမရှိဘူးလို့ သတင်းေ ထာက် ဦးမောင်မောင်ထွန်းက ပြောပါတယ်။

"ရဲလုပ်ထုံးလုပ်နည်း မဟုတ်ဘူးလို့ထင်တယ်။ ရဲက အမူလာဖွင့်ရင် ၆၆(ဃ) နဲ့ဖွင့်။ တခါတည်း ချက်ချင်းဖမ်း၊ အဲလိုလုပ်တဲ့ဟာကြီးက ရဲသိက္ခာကျတယ်။ ရဲက ဘာလုပ်ရမလဲဆိုတော့ တရားလိုတယောက်က လာပြီးအမှုဖွင့်တာနဲ့ ဒီအမှုက ဟုတ်တယ် မှန်တယ်။ ဟုတ်သလား မှန်သလားဆိုတာ အရင်စစ်ဆေးပြီးတော့ အမှုကို လက်ခံဖွင့်ရမယ့် ထုံးစံရှိတယ်။ ၆၆(ဃ) က ဖွင့်တိုင်းဖမ်း၊ ထောင်ထဲတန်းထည့် ဖမ်းချုပ်ဆိုတာတွေက ခံရသူ နစ်နာတယ်"

ဦးမောင်မောင်ထွန်းကို နိုဝင်ဘာ ၃၀ ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပြီး ရမန်ရယူကာ လာမယ့် ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ရုံးထုတ် အဖြစ် ပျဉ်းမနား မြို့နယ်တရားရုံးက ချိန်းဆိုခဲ့ပါတယ်။

ဆက်သွယ်ရေး ဥပဒေပုဒ်မရဲ့ ပြစ်ဒဏ်ဟာ ထောင်ဒဏ် ၃ နှစ် ဖြစ်ပြီးတော့ လက်ရှိမှာ အဲပုဒ်မ နဲ့ တရားစွဲဆိုခံထားရသူပေါင်း အလဲဗင်းဂျာနယ်က သတင်းသမားတွေ အပါအဝင် ၃၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013