DVB Logo
Home
Lead Story
ဆွီဒင်ရဲ့ နှစ်ပေါင်း ၂၅၀ ကြာ သတင်းလွတ်လပ်ခွင့်
DVB
·
December 2, 2016
ဆွီဒင်ရဲ့ နှစ်ပေါင်း ၂၅၀ ကြာ သတင်းလွတ်လပ်ခွင့်
Donate to DVB

ဒီကနေ့ဟာ ဆွီဒင်နိုင်ငံရဲ့ နှစ်ပေါင်း ၂၅၀ ပြည့် စာနယ်ဇင်းလွတ်လပ်ခွင့်အောင်ပွဲ အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး သတင်းလွတ်လပ်ခွင့်ဥပဒေကို လွန်ခဲ့တဲ့ ၁၇၆၆ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ဆွီဒင်ပါလီမန်က ပြဋ္ဌာန်းခဲ့ပါတယ်။

ဒါဟာ ပုံနှိပ်ထုတ်ဝေမှုတွေမှာ ဆင်ဆာဖြတ်တောက်တာတွေကို ဖျက်သိမ်းလိုက်တာဖြစ်ပြီး အများနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်း အချက်အလက်တွေကို ပြည်သူလူထုတွေ သိရှိရယူပိုင်ခွင့် ရရှိသွားတာနဲ့ နိုင်ငံရေး ဆွေးနွေးငြင်းခုံမှုတွေမှာ စိတ်ချလုံခြုံစွာ ပါဝင်ဖို့ အကာအကွယ် ရရှိသွားတာလည်း ဖြစ်ပါတယ်။

ဒီသတင်းလွတ်လပ်ခွင့်ဥပဒေဟာ ခေတ်မီသာယာဖူလုံတဲ့ ကျနော်တို့ ဆွီဒင်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါ အခရာကျတဲ့ အရာတခုလည်း ဖြစ်ခဲ့ပါတယ်။

ဆွီဒင်ရဲ့ဥပဒေဟာ အဲဒီအချိန်က တမူထူးခြားတဲ့ ဥပဒေလို့ ပြောရမှာပါ။ ဥပဒေပါ စာသားတွေကို ကာလီဘိုင်မြို့က ဆွီဒင်လွှတ်တော်အမတ် အန်ဒါးစ်ချူဒန်းနီးယက်စ်က မူကြမ်းရေးခဲ့တာဖြစ်ပြီး နိုင်ငံသားတွေအားလုံးရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို အကာအကွယ်ပေးထားတဲ့ အမေရိကန်နိုင်ငံရဲ့ အခြေခံဥပဒေထက် အရင်ထွက်လာခဲ့တာပါ။

လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဟာ ဆွီဒင်ကို ကောင်းကောင်း အကျိုးပြုပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ဟာ ဒီမိုကရေစီအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်သလို လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာမခံပေးသူလည်းပဲ ဖြစ်ပါတယ်။ အတွေးအမြင်တွေနဲ့ ထင်မြင်ယူဆချက်တွေ လွတ်လပ်စွာ စီးမျောနေတာလိုပဲ ငြင်းခုံဆွေးနွေးတာနဲ့ ဆန်းစစ်ဝေဖန်တာတွေဟာလည်းပဲ စိတ်ကူးအကြံတွေ ကြွယ်ဝဖို့ ဖန်တီးပေးပြီး ဆန်းသစ်တီထွင်မှုတွေကို ဦးတည်သွားစေပါတယ်။

တရားဝင်အချက်အလက်တွေကို ပြည်သူတွေ ရယူပိုင်ခွင့်ရှိတဲ့ ဆွီဒင်ရဲ့ ဥပဒေကို ကျေးဇူးတင်ပါတယ်။ နိုင်ငံသားတွေဟာ လေ့လာစိစစ်ခွင့်ရှိပြီး အစိုးရအာဏာပိုင်တွေရဲ့ အချက်အလက်တွေကို ရယူပိုင်ခွင့်ရှိပါတယ်။ ဒီလိုနည်းလမ်းနဲ့ ပုဂ္ဂလိက တဦးချင်း တယောက်ချင်းစီနဲ့ သတင်းသမားတွေဟာ အာဏာတည်ဆောက်ပုံတွေနဲ့ လူကြိုက်များ ရွေးကောက်ခံရတဲ့ နိုင်ငံရေးသမားတွေကို ဆန်းစစ်နိုင်ပါတယ်။

ကျနော်တို့အတွက်တော့ ဆွီဒင်ရဲ့ တရားရေးစနစ် အလယ်ဗဟိုမှာရှိတဲ့ ဒီသတင်းလွတ်လပ်ခွင့်ဥပဒေဟာ အကျင့်ပျက် ခြစားမှု နည်းပါးသွားစေပြီး ကျနော်တို့ရဲ့ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတွေမှာ ယုံကြည်မှုအဆင့်တခု မြင့်စေခဲ့ပါတယ်။ ကျနော်တို့ရဲ့ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဟာ ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနဲ့ ကြွယ်ဝချမ်းသာမှုအတွက် အခြေခံအုတ်မြစ်ချပေးခဲ့တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။

မြန်မာနိုင်ငံမှာ သတင်းအချက်အလက် ရယူပိုင်ခွင့်အပေါ် ပြည်သူတွေရဲ့ ဆွေးနွေးမှုတွေ သက်ဝင်လှုပ်ရှားနေတာကို မြင်ရတာ ဝမ်းမြောက်ဝမ်းသာရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလို အရေးပါတဲ့ စည်းကမ်းဥပဒေအတွက် အခြေခံအုတ်မြစ်ချပေးမယ့် ခိုင်မာတဲ့ မူဘောင်တခု ရေးဆွဲဖို့ ကျနော်တို့ အားပေးပါတယ်။

နောက်ဆုံးတော့ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်လောက်တုန်းက သတင်းအချက်အလက် ရပိုင်ခွင့်အပေါ် မြန်မာမီဒီယာတွေနဲ့ လူထုဆွေးနွေးပွဲတခုကို ဆွီဒင်သံရုံးနဲ့ ဖန်တီးရာအဖွဲ့က စီစဉ်ကျင်းပပေးနိုင်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကနေ နောက်ထပ်ဆွေးနွေးမှုတွေ ထပ်လုပ်ဖို့ လှုံ့ဆော်စေမှာဖြစ်ပြီး ဆွီဒင်နိုင်ငံအနေနဲ့ ဒီအရေးကိစ္စအပေါ်မှာ ကျနော်တို့ရဲ့ အတွေ့အကြုံတွေကို မြန်မာနဲ့ဖလှယ်ဖို့ အသင့်ရှိနေပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ခွင့်အတွက် ကျနော်တို့ အောင်ပွဲခံနေချိန်မှာ ကံအကြောင်းမလှစွာနဲ့ပဲ ကမ္ဘာတဝန်းမှာ အခြေခံအခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်တွေ ခြိမ်းခြောက်ခံရမှုဟာ ဘယ်လောက် တိုးပွားလာနေတယ်ဆိုတာ မြင်တွေ့နေကြရပါတယ်။ နေရာအတော်များများမှာ ဒီမိုကရေစီကျင့်သုံးတဲ့ နယ်မြေတွေ ကျဉ်းသွားတာ ကျနော်တို့ မြင်နေရပါတယ်။ ပြည်သူလူထုတွေဟာ အသံတွေတိတ်နေခဲ့ပြီး နိုင်ငံသားတွေနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေဟာ ကန့်သတ်ပိတ်ပင်ခံနေရပါတယ်။

ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေဟာ သတင်းသမားတွေနဲ့ လူ့အခွင့်အရေး ကာကွယ်သူတွေကို ပစ်မှတ်ထားနေပါတယ်။ ခြိမ်းခြောက်နှောင့်ယှက်မှုတွေဟာ ပုံမှန်တိုးလာနေပြီး လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း သတင်းသမား ၈၀၀ အသတ်ခံရတယ်ဆိုတာကို ယူနက်စကိုရဲ့ ကိန်းဂဏန်း အချက်အလက်တွေက ပြသနေပါတယ်။ ကံမကောင်းလှစွာနဲ့ပဲ အပြစ်ကျူးလွန်သူ လက်တဆုပ်စာလောက်ကိုပဲ တရားရုံးတင်နိုင်ခဲ့ပါတယ်။

သတင်းထောက်တွေ ဘေးကင်းလုံခြုံရေးဆိုတာ လွတ်လပ်စွာ ဆွေးနွေးငြင်းခုံမှုအတွက် မရှိမဖြစ် လိုအပ်ချက်တခုပါ။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ မီဒီယာတွေ ကြည့်ခွင့်မရဘူးဆိုရင် လူ့အဖွဲ့အစည်း ဘာဖြစ်သွားမလဲ။ သတင်းအချက်အလက်တွေဟာ  အခြေအနေတချို့အောက်မှာပဲ ရှိနေမယ်ဆိုရင် အသိပညာတွေအတွက် ဘာဖြစ်သွားမလဲ။ သတင်းအချက်အလက်မရတဲ့ ပြည်သူတွေအတွက် အကျိုးဆက်က ဘာတွေဖြစ်မလဲ။

ခုဆိုရင် ကျနော်တို့ဟာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ မီဒီယာကို မြှင့်တင်ဖို့ ကြိုးပမ်းမှုတွေကို အရှိန်မြှင့် လုပ်ဆောင်ရမယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ဟာ ကျနော်တို့ ဂုဏ်ယူတဲ့၊ ကျနော်တို့ ကာကွယ်မြှင့်တင်ချင်တဲ့ အရေးကြီးတဲ့ အခြေခံမူဖြစ်တယ်။ ဒါဟာ ခုခံကာကွယ်ဖို့ ထိုက်တန်တဲ့ ဓလေ့ထုံးတမ်းအစဉ်အလာ ဖြစ်တယ်။

စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကုလသမဂ္ဂရဲ့ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်နဲ့ ၂၀၃၀ ခုနှစ် အစီအစဉ်ဟာ အပေါင်းလက္ခဏာဆောင်တဲ့ လူ့ဘောင်အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါတယ်။ ရည်မှန်းချက်အမှတ် ၁၆.၁၀ မှာဆိုရင် နိုင်ငံရဲ့ဥပဒေတွေ၊ နိုင်ငံတကာ သဘောတူညီချက်တွေနဲ့အညီ သတင်းအချက်အလက်တွေကို ပြည်သူလူထု ရယူပိုင်ခွင့် သေချာစေဖို့နဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ကာကွယ်ဖို့ နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာရော ဆွီဒင်နိုင်ငံမှာပါ ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းအားထုတ်မှု အောင်မြင်ဖို့ အရမ်းကို အရေးပါတဲ့ ရည်မှန်းချက်လို့ ကျနော်တို့ မှတ်ယူပါတယ်။

ဆွီဒင်မှာ သတင်းလွတ်လပ်ခွင့်ဥပဒေ နှစ်ပေါင်း ၂၅၀ ပြည့် နှစ်ပတ်လည်အချိန်အခါဟာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို မြှင့်တင်ရေးအတွက် ကျနော်တို့ဖြတ်သန်းခဲ့တဲ့ ခရီးရှည်ကြီးကို ပြန်ပြောင်း အမှတ်ရစေပါတယ်။

လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာ အမြဲတမ်းမှန်တယ်လို့ မှတ်ယူရမယ့် ဥပဒေသတခုပါ။ ဒါကို အမြဲတမ်း ခုခံကာကွယ်ကြရပါမယ်။ ဒီဇင်ဘာ ၂ ရက်နေ့ဟာ အသစ်တဖန်ပြန်စမယ့် သတင်းလွတ်လပ်ခွင့် ကြိုးပမ်းမှုခရီးရဲ့ စမှတ်ဖြစ်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ လွတ်လပ်တဲ့ ငြင်းခုံဆွေးနွေးမှုတွေနဲ့ ဆန်းစစ်ဝေဖန်အကဲဖြတ်မှုတွေ ဆက်လုပ်ဖို့အတွက် လူတွေ ပိုလို့ရပ်တည်လာကြလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။

ဆောင်းပါးရှင် - စတပ်ဖန်ဟက်စရန် (မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံအမတ်ကြီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013