DVB Logo
Home
မြန်မာသတင်း
ဂျပန်ကလှူဒါန်းသည့် လူနာတင်ကားများ ၂ နှစ်ကျော်ကြာ အသုံးမပြုပဲ ပစ်ထားခံရ
DVB
·
December 1, 2016
ဂျပန်ကလှူဒါန်းသည့် လူနာတင်ကားများ ၂ နှစ်ကျော်ကြာ အသုံးမပြုပဲ ပစ်ထားခံရ
1 / 8
Donate to DVB

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက မြန်မာပြည်သူတွေအတွက် လှူဒါန်းထားတဲ့ လူနာတင်ကားတွေကို ၂ နှစ်ကျော်ကြာတဲ့အထိ အသုံးမပြုဘဲ စွန့်ပစ်ထားခြင်းခံနေရတဲ့အတွက် သက်ဆိုင်ရာ ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိသူတွေက  သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပါတယ်။

ရန်ကုန်၊ တာမွေမြို့နယ် နား 'နာခေါင်း 'လည်ချောင်း ဆေးရုံဝန်းအတွင်းမှာ ဂျပန်က  လှူဒါန်းထားတဲ့ ကားတွေကို အသုံးမပြုဘဲ ပစ်ထားတဲ့အကြောင်း လူမှုကွန်ရက်စာမျက်နှာမှာ တက်လာပြီးနောက် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့ တာမွေမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ်တွေ ဆေးရုံကို မနေ့က သွားရောက် မေးမြန်းစစ်ဆေးခဲ့တာပါ။

အဆိုပါကားတွေဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက လှူဒါန်းထားတာဖြစ်ပြီး ပို့သူနဲ့ လက်ခံသူတွေကြား ပြဿနာအနည်းငယ်ရှိခဲ့ပုံရတယ်လို့ သွားရောက်စိစစ်ရာမှာ ပါဝင်တဲ့ တာမွေမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးလှသိန်းက ပြောပါတယ်။

“ဆေးရုံအုပ်ကြီးရဲ့ ရှင်းပြချက်အရ နီပွန်ဖောင်ဒေးရှင်းကနေပြီးတော့ ကားအစီး ၁၀၁ စီးကို လှူထားတာ။ လှူတဲ့အခါမှာ ဟိုကနေ ဒီလွှဲမှု၊ လက်ခံမှုနေရာမှာ တစုံတခု ကိစ္စမပြေလည်မှု ရှိတယ်ထင်တယ်ဗျာ။ ဘာလို့လဲဆိုတော့ ဆိပ်ကမ်းမှာ ဒီကားက ၁ နှစ်နီးပါးလောက် ကြာနေတာကိုး။ ကြာနေတဲ့အတွက် ကျန်းမာရေးဌာနက အဲဒီကားတွေကို ပြန်ရွေးပြီး နေရာကျယ်တဲ့ နား၊ နှစ်ခေါင်း၊ လည်ချောင်းဆေးရုံမှာ ထားတယ်။ ထားပြီး ပထမ တရက်အနေနဲ့ ကားအစီး ၂၀၊ ဒုတိယတရက်အနေနဲ့ အစီး ၂၀ ရှိတဲ့ကားတွေကို နည်းနည်းကောင်းတာ အဆင်ပြေမယ့်ဟာတွေကို အင်ဂျင်နီယာတွေနဲ့ လာရွေးပြီးတော့ ယူသွားတယ်။ အခု အဲဒီထဲမှာ ၆၁ စီး ကျန်နေပါတယ်။ ဒီ ၆၁ စီးကိုလည်း မကြာခင်မှာ လာစစ်ဆေးပြီးတော့ ယူဖို့ အစီစဉ်ရှိပါတယ်။”

အဆိုပါကားတွေဟာ မြန်မာပြည်မှာ ရောက်ရှိနေတာ ၂ နှစ်လောက်ရှိနေပြီဖြစ်ပြီး ရပ်ထားတဲ့ကားတွေဟာ သံချေးတက်၊ ဆွေးမြည့်ကုန်တာရှိသလို  တချို့ကားပစ္စည်းတွေကိုလည်း ဖြုတ်ယူ၊ ခိုးယူတာကို ခံထားရတယ်လို့ လည်း ပြောပါတယ်။

နီပွန်ဖောင်ဒေးရှင်းအနေနဲ့ ကျန်းမာရေးအတွက် အသုံးပြုဖို့ မြို့ပေါင်း ၃၀၀ ကျော်အတွက် ကား ၁ စီးစီ လှူဒါန်းဖို့ စီစဉ်ထားပြီး ပထမအသုတ် အနေနဲ့ ၁၀၁ စီး ရောက်ရှိလာတာဖြစ်ပါတယ်။

ဒါပေမယ့် ပို့တဲ့ကုမ္ပဏီနဲ့ လက်ခံတဲ့သူအကြား တစုံတခု အခက်အခဲရှိတာကြောင့် ဆက်ပို့မယ့် ကားတွေလည်း ရပ်သွားသလို ရောက်ရှိတဲ့ကားတွေကိုလည်း ထုတ်မယ့်သူမရှိဖြစ်ခဲ့တာလို့ ဦးလှသိန်းက ပြောပါတယ်။

“ဒီကိစ္စတွေက ကျနော်တို့ ထဲထဲဝင်ဝင် မသိခဲ့ပါဘူး။ ကျနော်ထင်တာကတော့ သူတို့ မူလရည်ရွယ်ချက်က မြို့ပေါင်း ၃၀၀ ကျော်ကို တစီးစီလောက်ဝေဖို့ ပထမအရစ်အဖြစ် သူတို့ရောက်လာတယ်လို့ သိရပါတယ်။ အဲတော့ဒီကားတွေ ဒီရောက်လာပြီးတော့ ဆိပ်ကမ်းမှာတင် တနှစ်နီးပါးလောက်ကြာတယ်။ ကားတွေလည်း ဆက်မလာနိုင်ဘူးဆိုတော့ အကြမ်းအားဖြင့် သိတာကတော့ ဟိုက ပို့နေတာက တပတ်ရစ်တွေပါ။ ဒီမှာ ပြင်ဖို့၊ သုံးဖို့၊ လွှဲဖို့ ဆောင်ရွက်မှု ဒါတွေကို ဟိုဘက်ဒီဘက် ငွေလွှဲမှုတွေ၊ လုပ်ဆောင်မှုတွေ အခက်အခဲရှိရတယ်လို့ အကြမ်းဖျင်းသိပါတယ်။”

ပို့ထားတဲ့ ကားအစီး ၁၀၀ ကျော်ထဲက ထုတ်ယူသွားတဲ့ ကားအစီး ၄၀ ကို ဘယ်ဌာနတွေ ပို့ဆောင်လိုက်တယ်ဆိုတာ မသိရသေးသလို ဒီကိစ္စနဲ့ပတ်သက်ပြီး ယခင်အစိုးရ လက်ထက်တုန်းက ဘယ်သူက တာဝန်ယူဆောင်ရွက်ခဲ့တယ်ဆိုတာကိုလည်း မသိရသေးပါဘူး။

လက်ရှိ စွန့်ပစ်ခံထားရတဲ့ ကျန်ရှိနေတဲ့ ကား  ၆၁ စီးကိုတော့ မကြာခင်မှာ ပြန်လည် ပြုပြင်ဖို့ရှိပြီး ဘယ်နေရာမှာ ဘယ်လို အသုံးပြုသွားမလဲဆိုတာ ပြန်လည်ဆွေးနွေးဖို့ရှိ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ညီညီ

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013