DVB Logo
Home
Lead Story
တရုတ်ကို အကုန်အကျများစေတဲ့ မြန်မာသူပုန်များ
DVB
·
December 1, 2016
တရုတ်ကို အကုန်အကျများစေတဲ့ မြန်မာသူပုန်များ
Donate to DVB

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက မြန်မာအစိုးရဟာ ၂၁ ရာစု ပင်လုံညီလာခံကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်းစုံနဲ့ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးဟာ ပါဝင်တဲ့ အဖွဲ့အစည်းတွေအတွက် ၆ လတကြိမ် တွေ့ဆုံပြီး အမြင်သဘောထားတွေ ဖလှယ်ကြဖို့နဲ့ ဘုံသဘောတူညီချက်များကို ရှာဖွေကြဖို့ ပုံမှန်ယန္တရားသဖွယ် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ သို့သော်လည်းပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်လွတ်မြောက်ရေးတပ်မတော် (AA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်ပေါင်းစု တပ်မတော် (MNDAA) တို့ ပါဝင်ခွင့် ငြင်းပယ်ခံရပြီးတဲ့နောက် အစည်းအဝေးဟာ သူ့ရည်ရွယ်ချက်နဲ့ လွဲခဲ့ရပါတော့တယ်။

ယခင်က ပူးပေါင်းဆောင်ရွက်ခြင်းမရှိခဲ့တဲ့ တပ် ၃ တပ်ဟာ ပိုမိုလှုပ်ရှားဖို့ ဆုံးဖြတ်ခဲ့ကြပြီး မြန်မာ့တပ်မတော်ကို ထိထိရောက်ရောက် ရန်စဖို့အတွက် နိုဝင်ဘာလ ၂၀ ရက်နေ့ကပဲ တိုက်ပွဲများ စတင်ခဲ့ပါတယ်။ အပေါ်ယံအားဖြင့် ကြည့်မယ်ဆိုရင်တော့ ဒီလို တိုက်ခိုက်လာတာဟာ မြန်မာတပ်မတော်က KIA (ကချင်လွတ်မြောက်ရေးတပ်မတော်) ကို စတင်တိုက်ခိုက်ပြီး နောက်အလှည့်ဟာ AA၊ TNLA နဲ့ MNDAA တို့အတွက် ဖြစ်လာမှာကို စိုးရိမ်ပူပန်တဲ့အတွက်ကြောင့်လို့ ထင်စရာပါပဲ။ ဒါပေမယ့် မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား နက်နက်ရှိုင်းရှိုင်း ရှိနေတဲ့ပြဿနာက ရှုပ်ထွေးတဲ့ ပဋိပက္ခတွေပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဆင်နွှဲတဲ့ တိုက်ပွဲတွေဟာ မြန်မာ့တပ်မတော်ကို ပြန်လည်လက်စားချေတာပါပဲ။ သူတို့ဟာ တိုင်းရင်းသားအင်အားစုတွေရဲ့ ပါဝါကို ထုတ်ဖော်ပြသပြီး သူတို့တည်ရှိမှုရဲ့ အရေးပါမှုကိုလည်း တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ ဒီလက်နက်ကိုင်သုံးဖွဲ့ဟာ သူတို့သြဇာသက်ရောက်မှု အဝန်းအဝိုင်းကို အားဖြည့်လိုပြီး အစိုးရနဲ့ အနာဂတ်ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ တောင်းဆိုချင်တာပါ။

သို့သော်လည်း လက်နက်ကိုင် ထိပ်တိုက်ရင်ဆိုင်တွေ့မှုများကပေးတဲ့ ချက်ချင်းလက်ငင်း အကျိုးဆက်များကတော့ မြန်မာနိုင်ငံသား အမြောက်အမြား တရုတ်နိုင်ငံထဲ ပြေးဝင်လာကြတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ တရုတ်-မြန်မာနယ်စပ်နေ မြန်မာနိုင်ငံသား ၃၀၀၀ ကျော်လောက်ဟာ တရုတ်ပြည်ထဲ ပြေးဝင်လာကြတဲ့အတွက် လုံခြုံရေးကို စိုးရိမ်လာရတဲ့အပြင် ပုံမှန် နယ်စပ်ကုန်သွယ်ရေးကိုလည်း နှောင့်နှေးစေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ မဆင်မခြင် တိုက်ခိုက်မှုတွေက နယ်စပ်ဒေသရဲ့ လုံခြုံရေးကို အကြီးအကျယ် မရေမရာ ဖြစ်စေပါတယ်။

အချိန်တော်တော်ကြာကတည်းကပဲ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားတဲ့ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားက ပဋိပက္ခဟာ အဲဒီဒေသမှာရှိတဲ့ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေကို များစွာနစ်နာဆုံးရှုံးစေခဲ့တယ်။ အသိသာ အထင်ရှားဆုံးကတော့ မြန်မာအစိုးရနဲ့ KIA တို့အကြား ပဋိပက္ခတွေ ဖြစ်ပွားနေတာကြောင့် ၅ နှစ်ကြာ ရပ်ဆိုင်းထားရတဲ့ မြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းပါပဲ။

သင့်တော်တဲ့ အကျိုးအမြတ်ကို ခွဲဝေပေးဖို့ တရုတ်လုပ်ငန်းထံမှ KIA က တောင်းဆိုခဲ့ပါတယ်။ ဧရာဝတီမြစ်ပေါ်မှာ တရုတ်ကုမ္ပဏီက ဆည်တည်ဆောက်နေတာကို ရပ်တန့်သွားစေဖို့အတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်တဝိုက် မြေမြှုပ်မိုင်းတွေ မြှုပ်ပါတယ်။ မြန်မာအစိုးရ စေလွှတ်လိုက်တဲ့ မိုင်းရှင်းလင်းရေးအဖွဲ့တွေကိုလည်း KIA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က ရှမ်းပြည်နယ်ထဲမှာလည်း တရုတ်-မြန်မာ ပိုက်လိုင်းကို လက်နက်ကိုင် ပြောက်ကျားအဖွဲ့တွေက ဖျက်ဆီးခဲ့တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဒီလုပ်ရပ်တွေဟာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို အကြီးအကျယ် ထိခိုက်နစ်နာစေပါတယ်။ မြစ်ဆုံဆည်လို ပရောဂျက်များ ရပ်ဆိုင်းထားရခြင်းက တရုတ်ပြည်အတွက် ငွေကြေးအမြောက်အမြား ကုန်ကျနစ်နာစေပါတယ်။

ယေဘုယျပြောရမယ် ဆိုရင်တော့ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြားက ပဋိပက္ခတွေဟာ တရုတ်ပြည်ရဲ့ “ရပ်ဝန်းနဲ့ လမ်းမကြီး ဦးစီးဦးဆောင်ပြုမှု” (China's Belt and Road initiative) အစီအစဉ် တိုးတက်ရေးအတွက်ရယ်၊ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေးစင်္ကြန် အသက်ဝင်လာဖို့ရယ်အတွက်မှာ အဓိက အဆီးအတားတွေပါ။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနဲ့ တောင်အာရှတို့အကြားက လမ်းဆုံလမ်းခွဖြစ်သလို တရုတ် အနောက်တောင်ပိုင်းကနေ အိန္ဒိယသမုဒ္ဒရာအကြား အချက်အချာကျတဲ့ ဆက်ကြောင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ပြည်အနာဂတ် စွမ်းအင်လုံခြုံရေးအတွက်လည်း အရေးကြီးတဲ့ အစိတ်အပိုင်းတရပ်ပါပဲ။

ဘယ်လိုပင်ဖြစ်ပါစေ၊ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကြားက ရေရှည်ပဋိပက္ခဟာ အမေရိကန်နဲ့ ဂျပန်တို့လို ပြင်ပအင်အားစုများက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို အကူအညီမျိုးစုံ ထောက်ပံ့ပေးကမ်းတဲ့ပုံစံနဲ့ ဝင်ရောက်စွက်ဖက်လာမှုတွေကြောင့် ပိုမိုရှုပ်ထွေးလာနေပါတယ်။ ဒီတိုင်းရင်းသား လက်နက်ကိုင်အင်အားတွေက ပိုပိုပြီး လောဘကြီးလာနေကြပြီး မတန်တဆ အနိုင်အထက် တောင်းဆိုကြရင်းနဲ့ မြန်မာအစိုးရနဲ့ အန္တရာယ်များတဲ့ ကစားပွဲတခုကို ကစားနေကြတယ်။ သူတို့ရဲ့ တရားမျှတမှုကင်းမဲ့ပြီး၊ ကိုယ့်ကျိုးဖက်၊ အမြော်အမြင်မဲ့မှုတွေက တရုတ်-မြန်မာ ဆက်ဆံရေးအတွက် အကြီးအကျယ် မသေချာ မရေရာ ဖြစ်မှုတွေကို ဖြစ်ပေါ်စေလိမ့်မယ်။

တရုတ် အမျိုးသားအကျိုးစီးပွားကို ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်လာနေတဲ့ အနေအထားကနေ စဉ်းစားရင် တရုတ်နိုင်ငံအနေနဲ့ အဖျက်အန္တရာယ်ကို ထိန်းချုပ်ဖို့ ဦးဆောင်ဦးရွက်ပြုရမယ်။ တရုတ်နယ်ခြားစောင့်တပ်တွေနဲ့ ဒေသဆိုင်ရာ ဥပဒေစိုးမိုးရေးအဖွဲ့တွေဟာ တရုတ်နိုင်ငံသားတွေနဲ့ စည်းစိမ်ဥစ္စာတို့ကို ထိခိုက်လာနိုင်ခြေ နည်းနိုင်သမျှ နည်းအောင် နယ်ခြားဒေသကို ကာကွယ်စောင့်ရှောက်ဖို့ ပိုမိုအားစိုက်ကြရမယ်။

တချိန်တည်းမှာပဲ နယ်စပ်ဖြတ်ကျော် ကြေးစားတပ်စုဖွဲ့မှုတွေကို ရှင်းလင်းပစ်ဖို့ တရုတ်နိုင်ငံအနေနဲ့ နယ်စပ်ဒေသတလျှောက် ဝင်လာတဲ့ လူတွေကို အသေအချာ စောင့်ကြည့်ရမယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာအစိုးရနဲ့ အပြန်အလှန် ဆက်သွယ်ရေးကို အားဖြည့်သင့်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးပွဲစားပွဲဝိုင်းကို ပြန်သွားဖို့ တိုက်တွန်းသင့်တယ်။

ရေးသူ - ဟွမ်ရိဟန် - ဂလိုဘယ်တိုင်းမ်စ် ၂၉-၁၁-၂၀၁၆

ဘာသာပြန်သူ - ရဲထွန်း(သီပေါ)

(ဆောင်းပါးရှင် ဟွမ်ရိဟန်သည် ချာဟား အင်စတီကျုမှ သုတေသနအဖွဲ့ဝင်တယောက်ဖြစ်ပြီး ဟွချောင်တက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးဌာန ဒု-ဌာနမှူးလည်းဖြစ်သည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013