DVB Logo
Home
မြန်မာသတင်း
အမေရိကန်တက္ကသိုလ်ဝင်းအတွင်း တိုက်ခိုက်ခံရမှု မြန်မာမွတ်စလင် အသိုင်းအဝိုင်း ရှုတ်ချ
DVB
·
December 1, 2016
အမေရိကန်တက္ကသိုလ်ဝင်းအတွင်း တိုက်ခိုက်ခံရမှု မြန်မာမွတ်စလင် အသိုင်းအဝိုင်း ရှုတ်ချ
Donate to DVB

မြန်မာပြည်မှာ မွတ်ဆလင်တွေ နှိပ်စက်ခံရတာကို မကျေနပ်လို့ဆိုပြီး အမေရိကန်တက္ကသိုလ်ဝင်းထဲမှာ ကျောင်းသားတွေကို တိုက်ခိုက်ခဲ့တဲ့ကိစ္စအပေါ် မြန်မာ မွတ်စလင် အသိုင်းအဝိုင်းက ရှုတ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့ တိုက်ခိုက်မှုမှာ အသက် ၂၀ အရွယ် ဆိုမာလီနွယ်ဖွား မွတ်ဆလင်လူငယ်တယောက်က အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်ဝင်းထဲကို ကားအတင်းမောင်းဝင်သွားပြီး တွေ့တဲ့လူတွေကို ဓားနဲ့လိုက်ထိုးလို့ လူ ၁၁ ဦး ဒဏ်ရာရသွားပါတယ်။

နောက်တော့ သူ့ကို ရဲတပ်ဖွဲ့က သေနတ်နဲ့ အသေပစ်သတ်ပြီး တားဆီးခဲ့ပါတယ်။

တိုက်ခိုက်မှုမဖြစ်ခင်မှာ အဲဒီ ဆိုမာလီလူငယ်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ မြန်မာပြည်မှာ မွတ်စလင်တွေကို သတ်ဖြတ်နေတာ ရပ်ပေးပါလို့ ရေးသားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ဆိုမာလီအသိုင်းအဝိုင်းက ရှုတ်ချသလို မြန်မာပြည်မှာရှိတဲ့ မွတ်ဆလင်အသိုင်းအဝိုင်းကလည်း လက်မခံဘူးလို့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့က ဦးအေးလွင်က ပြောပါတယ်။

“အပြစ်မဲ့တဲ့သူတွေကို ဒီလိုမျိုး တိုက်ခိုက်တယ်ဆိုတာဟာ ဘယ်လိုမှ အကြောင်းပြချက်၊ ဘာအကြောင်းပြချက်မှ ပေးစရာမရှိသော လွဲမှားသောလုပ်ရပ်တခု ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ရဲ့ ရပိုင်ခွင့်တွေ၊ မညီမျှမှုတွေ ရှိတယ်ဆိုရင်လည်းပဲ ဒါကို တရားနည်းလမ်းမှန်ကန်စွာနဲ့ ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းကနေပြီးတော့ ကျနော်တို့ ကိုယ့်အခွင့်အရေးကိုယ် ရအောင်တောင်းဆိုရမှာ ဖြစ်ပါတယ်။

နောက်တခု အိုင်အက်စ်ဆိုတဲ့လူတွေနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ အိုင်အက်စ်ဆိုတာက လုံးဝ ချွတ်ခြုံကျနေပြီ။ ဘာကြောင့်လဲဆိုတော့ အရေးကြီးဆုံးအချက်က ကမ္ဘာ့မွတ်ဆလင်ပညာရှင်တွေက သူတို့က အစ္စလာမ်နဲ့ ဘာမှမပတ်သက်ဘူးလို့ ပြောလိုက်ပြီ။ မြေပြင်တိုက်ပွဲတွေမှာ သူတို့က ရှုံးနေပြီ။ ဒါကြောင့်မို့လို့ သူတို့ ဘာလုပ်လဲဆိုရင် ကမ္ဘာအရပ်ရပ်မှာ ဆေးကြောင်တဲ့လူတို့၊ အရက်ဖြတ်ထားတဲ့လူတို့၊ အိမ်ထောင်ကွဲနေတဲ့လူတို့ အဲဒီလူတွေဟာ လူမှုရေးကို လူသတ်မှုတွေ ဘာတွေ လုပ်ကြတယ်။ လုပ်ပြီဆိုရင် သူတို့က အစ္စလာမ်ဘာသာဝင်တွေ ဖြစ်နေပြီဆိုရင် သူတို့ဘာလုပ်လဲဆိုတော့ ဒီလူတွေက ကျုပ်တို့လူတွေပါဆိုပြီး အမြတ်ဝင်ထုတ်နေတယ်။ အဲဒါကို ကျနော်တို့ သိထားဖို့ လိုအပ်ပါတယ်ခင်ဗျာ။”

အခု အိုဟိုင်းယိုးတက္ကသိုလ်ဝင်းထဲမှာ ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့ အာသံဟာ ဆိုမာလီနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုဆီ ပြောင်းရွှေ့အခြေချတဲ့ မိသားစုကနေ မွေးဖွားလာသူ ဖြစ်ပါတယ်။

ကနဦး စုံစမ်းစစ်ဆေးမှုတွေအရတော့ မြန်မာပြည်နဲ့ကြားမှာ ဆက်စပ်မှုတွေ မတွေ့ရသေးပါဘူး။

တိုက်ခိုက်မှုဖြစ်ပြီး နောက်တရက်မှ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အကြမ်းဖက်အဖွဲ့ အိုင်အက်စ်က သူတို့အဖွဲ့ရဲ့လက်ချက်လို့ ကြေညာခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန်လုံခြုံရေးအရာရှိတွေက စုံစမ်းနေပြီး သူ့ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ အိုင်အက်စ်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ သဲလွန်စတွေ မရှိဘူးလို့ စုံစမ်းရေးမှူးတွေက ပြောပါတယ်။

အာသံကို ဆိုမာလီမှာမွေးပြီး ၂၀၁၄ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့အခြေချခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိတွေကို ကိုးကားပြီး ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

အာသံဟာ တခြားဆိုမာလီတွေလို အမေရိကန်ပြည်ထောင်စုထဲ မရောက်ခင် ပါကစ္စတန်မှာ ၇ နှစ်လောက် နေထိုင်ခဲ့ဖူးတဲ့ အနေအထားရှိတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013