DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားသားများ ဖွင့်လှစ်သည့် ဆိုင်အချို့ကို စစ်ဆေး
DVB
·
November 30, 2016
နိုင်ငံခြားသားများ ဖွင့်လှစ်သည့် ဆိုင်အချို့ကို စစ်ဆေး
1 / 5
Donate to DVB

နိုင်ငံခြားသားတွေ လာရောက် ဖွင့်လှစ်ထားတဲ့ ၅၀၀၀ တန်ပစ္စည်းအရောင်းဆိုင်တစ်ချို့ကို လွှတ်တော် ကိုယ်စားလှယ်နဲ့ တာဝန်ရှိသူတွေ စစ်ဆေးခဲ့ကြပါတယ်။

ရန်ကုန်မြို့အနှံ့မှာ ဖွင့်လာတဲ့ ကြိုက်တာယူ ၅၀၀၀ ဆိုတဲ့ ဆိုင်တွေဟာ တရုတ်နိုင်ငံသားတွေ ဖွင့်လှစ်နေပြီး တရားဝင်လာတာ ဟုတ် မဟုတ်၊ အခွန်ဆောင်မဆောင် စတာတွေကို ရန်ကုန်တိုင်းလွှတ်တော်မှာ မေးမြန်းခဲ့ပြီးတဲ့နောက်ပိုင်း အခုလို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ပန်းပဲတန်းမြို့နယ်ထဲမှာ စစ်ဆေးခဲ့တာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် အပါအဝင် အထွေထွေအုပ်ချုပ်ရေး၊ လဝက၊ စည်ပင်၊ ရဲနဲ့ အခွန်ဌာနတွေက တာဝန်ရှိသူတွေ ပူးပေါင်း စစ်ဆေးကြတာပါ။

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ပန်းပဲတန်းမြို့နယ်ဦးစီးမှူး ဦးစိုးမြင့်ခိုင်က “ကျနော်တို့ ပန်းပဲတန်းမှာ ၇ ဆိုင်ရှိပါတယ်။ အဲဒီမှာ တွေ့ရှိတာက တရုတ်လူမျိုး ၈ ဦးက ကျနော်တို့ရုံးကို တရားဝင် ဧည့်စာရင်းတိုင်ပြီး နေထိုင်တာ ဖြစ်ပါတယ်။ အားလုံးစီးပွားရေး ဗီဇာနဲ့ လာရောက်တာပါ။ အထွေထွေရောင်းဝယ်ရေး ကုမ္ပဏီတခုရဲ့ ထောက်ခံချက်နဲ့ လာရောက်တာပါ” လို့ ပြောပါတယ်။

စစ်ဆေးတော့ ဆိုင်တချို့မှာ မြန်မာဝန်ထမ်းတွေ နာမည်ခံပြီး လုပ်ကိုင်နေတာတွေ တွေ့ရှိခဲ့ရပါတယ်။ နိုင်ငံခြားသားတွေအနေနဲ့လည်း တရားဝင်စီးပွားရေး ဗီဇာနဲ့ လာတယ်ဆိုပေမယ့် ကိုယ်တိုင် ဆိုင်ရောင်းတာမျိုးကို လုပ်ခွင့်မရှိဘူးလို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က ဆိုပါတယ်။

“ဒီနိုင်ငံခြားသားတွေက ဒီဆိုင်တွေမှာ ထိုင်ရောင်းလို့တော့ မရဘူး။ အခု သွားစစ်တော့ ရောင်းတာတော့ မဟုတ်ဘူး။ ဆိုင်တွေမှာ နေထိုင်တာတွေ ရှိပါတယ်။ လူတဦးနာမည်နဲ့ ဆိုင် ၁၇ ဆိုင် ဖွင့်ထားတာ ရှိတယ်လို့ သိခဲ့ရတယ်။ ပန်းပဲတန်းမှာတော့ တဦးတည်းနာမည်နဲ့ နှစ်ဆိုင်တွေ့တယ်” လို့ ပန်းပဲတန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ တရားဝင် ပုံစံတကျဖြစ်ဖို့ လုပ်ဆောင်ရမှာတွေကို ရှင်းပြခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ ဒီနောက်မှာတော့ အစီရင်ခံစာတစောင် ပြုစုထုတ်ပြန်သွားဖို့လည်း ရှိပါတယ်။

အခုလို ဆိုင်မျိုးတွေဟာ လပိုင်းအတွင်းမှာပဲ ရန်ကုန်မှာ အများကြီး ဖွင့်လှစ်လာတာပါ။ ပန်းပဲတန်းမြို့နယ်မှာ စစ်ဆေးခဲ့ပြီး တခြားမြို့နယ်တွေမှာလည်း ဆက်စစ်သွားဖို့ ရှိနေပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013