DVB Logo
Home
မြန်မာသတင်း
နှစ်၂၀အကြာမှာ မြန်မာကစင်ကာပူကို ကျော်တက်ရန် ဒေါ်အောင်ဆန်းစုကြည်မျှော်မှန်း
DVB
·
November 30, 2016
နှစ်၂၀အကြာမှာ မြန်မာကစင်ကာပူကို ကျော်တက်ရန် ဒေါ်အောင်ဆန်းစုကြည်မျှော်မှန်း
1 / 4
Donate to DVB

နောင်လာမယ့် အနှစ် ၂၀ မှာ  မြန်မာနိုင်ငံဟာ စင်ကာပူရဲ့ စီးပွားရေးကို ကျော်တက်သွားဖို့ မျော်လင့်တယ်လို့ စင်ကာပူနိုင်ငံမှာ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

နိုင်ငံရပ်ခြားစင်ကာပူစီးပွားရေးလုပ်ငန်းတွေကို မြှင့်တင်ဆောင်ရွက်ပေးနေတဲ့   IE Singapore အဖွဲ့အစည်းက ဒီကနေ့ စီစဉ်ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဆိုင်ရာဟောပြော ပွဲမှာ ပြောကြားသွားတာလို့  စင်ကာပူအခြေစိုက် စီအန်အေ သတင်းမှာဖော်ပြပါတယ်။

စင်ကာပူလွတ်လပ်ရေးရကာစက ၀န်ကြီးချုပ် လီကွမ်ယုက အနှစ် ၂၀ မှာ စင်ကာပူဟာ မြန်မာကို အမီလိုက်နိုင်လိမ့်မယ်လို့ပြောခဲ့တယ်။ ခုတော့ အနှစ် ၂၀မှာ မြန်မာဟာ စင်ကာပူကို  ကျော်သွားလိမ့်မယ်လို့ ကျမတို့ပြောင်းပြီး ပြောရမယ်ထင်ပါတယ်။ ဒီလိုဖြစ်ဖို့  စင်ကာပူက မြန်မာကို ကူညီရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒေသရဲ့ အစိတ်အပိုင်းတခုမှာ အောင်မြင်တာဟာ ဒေသတခုလုံးရဲ့ အောင်မြင်မှုဖြစ်လို့ပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာပြည်ရဲ့ လူ့အရင်းအမြစ်၊ သဘာဝသယံဇာတတွေဟာ စင်ကာပူကုမ္ပဏီတွေကို စွဲဆောင်မှုရှိစေမှာဖြစ်သလို ၀င်ငွေခွန်ကင်းလွတ်ခွင့်နဲ့ နှစ်ရှည်မြေငှားရမ်းလုပ်ကိုင်ခွင့်ပေး ထားတဲ့  ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ဟာလည်း စီးပွားရေးလုပ်လို့ လွယ်ကူစေမှာဖြစ်တယ်လို့လည်း လည်းပြောပါတယ်။

စင်ကာပူ စီးပွားရေးလုပ်ငန်းတွေကနေ မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလန်းတွေ ဖန်တီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင့်လည်း အလေးပေးပြောကြား သွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူဝန်ကြီးချုပ်  လီရှန်လွန်းရဲ့ ဖိတ်ကြားချက်အရ စင်ကာပူနိုင်ငံကို  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့က တာဝန်ရှိသူတွေနဲ့အတူ ဒီကနေ့ မနက်က ရောက်ရှိသွားတာပါ။

နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၂ ရက်ထိ ၃ ရက်ကြာ ခရီးစဉ်အတွင်း စင်ကာပူသမ္မတ နဲ့ ၀န်ကြီးချုပ်တို့က တရားဝင်အခမ်းအနားနဲ့ကြိုဆို ဂုဏ်ပြုညစာစားပွဲနဲ့ တည်ခင်းဧည့်ခံဖို့ရှိသလို   ၀ါရင့်ဝန်ကြီးချုပ်ေဟာင်း ဂိုချုပ်တောင်ကလည်း လက်ခံတွေ့ဆုံဖို့ရှိတယ်လို့ စင်ကာပူ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

စင်ကာပူနိုင်ငံက သစ်ခွပန်းတမျိုးကို ဒေါ်အောင်ဆန်းစုကြည်အမည်နဲ့ ဂုဏ်ပြုမှည့်ခေါ်ဖို့ရှိတဲ့ အတွက် ရုက္ခဗေဒ ဥယာဉ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်သွား ရောက်ဖို့ ရှိနေပါတယ်။

ဒါ့အပြင် အကျင့်ပျက်ခြစားမှုစုံစမ်းစစ်ရေးရေးဗျူရိုကိုသွားရောက်လေ့လာဖို့ရှိသလို စားသောက်ဆိုင်တွေ ဖွင့်လှစ်ရောင်းချတဲ့ ဟော်ကာစင်တာတွေကိုလည်း သွားရောက်လေ့လာပြီး  စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနဲ့ အတူ နံနက်စာသုံးဆောင်ဖို့ရှိပါတယ်။

အာရှပြတိုက်မှာ ၃ လကြာဖွင့်လှစ်ပြသမယ့် မြန်မာပြည်က ရှေးဟောင်းအဖိုးတန် မြို့များနဲ့ ဘုရင်များလို့အမည်မပေးထားတဲ့  မြန်မာ့ယဉ်ကျေးမှုသမိုင်းပြပွဲဖွင့်ပွဲအခမ်းအနားကို စင်ကာပူဝန်ကြီးချုပ် နဲ့အတူ တက်ရောက်ဖို့ရှိတဲ့အပြင် စင်ကာပူရောက် မြန်မာတွေနဲ့ ဒီဇင်ဘာ ၁ ရက် ညပိုင်းမှာ တွေ့ဆုံဖို့ရှိပါတယ်။

စင်ကာပူနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အများဆုံးကုန်သွယ်ဖက်နိုင်ငံတခုဖြစ်သလို တရုတ်နိုင်ငံပြီးရင် ရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ထိ မြန်မာနိုင်ငံမှာ အမေရိကန် ဒေါ်လာ ၁၅ဘီလီယံခွဲကျော်လောက် ရင်းနှီးမြုပ်နှံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013