
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ၃ ရက်ကြာ စင်ကာပူနိုင်ငံ ချစ်ကြည်ရေးခရီးကို ဒီနေ့မနက် စတင်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက် ၈ နာရီ ၁၅ မိနစ်မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ စင်ကာပူလေကြောင်းနဲ့ စင်ကာပူကို ထွက်ခွာသွားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်ကာပူခရီးစဉ်အတွင်း စင်ကာပူရောက် မြန်မာတွေနဲ့ ဒီဇင်ဘာ ၁ ရက် ညပိုင်းမှာ တွေ့ဆုံဖို့ရှိပြီး ဒေသတွင်းသတင်းတွေအရ စင်ကာပူနိုင်ငံက သစ်ခွပန်းတမျိုးကို ဒေါ်အောင်ဆန်းစုကြည် နာမည်ပေးဖို့ ရှိတယ်လို့ သိရပါတယ်။
စင်ကာပူနိုင်ငံက သဇင်မဂ္ဂဇင်းထုတ်လုပ်သူ ဒေါ်မေသက်က ဒေါ်စုနဲ့ မြန်မာအသိုင်းအ၀ိုင်း တွေ့ဆုံတဲ့အခါ တရားဥပဒေစိုးမိုးရေးနဲ့ လတ်တလော သက်ငယ်မုဒိန်းမှုကိစ္စရပ်တွေ မေးမြန်းဆွေးနွေးကြဖို့ ရှိတယ်လို့ ပြောပါတယ်။
“အမေး အဖြေကဏ္ဍကလည်း အများကြီး အချိန် သိပ်ရမယ် မထင်တော့ တချို့ကဏ္ဍတွေ လက်ရှိ တရားဥပဒေစိုးမိုးရေးအတွက် သက်ငယ်မုဒိန်းကျင့်မှုတွေကို သေဒဏ်ပေးရေးကိစ္စတွေ မေးကြလိမ့်မယ်လို့ ထင်တယ်၊ အများရဲ့ လက်ရှိ ဖြစ်နေတဲ့ဟာပေါ့၊ နောက်တခု ပတ်စ်ပို့နဲ့ ပတ်သက်တဲ့ ပီဗီ တို့ ပီအက်စ်တို့ နဲ့ပတ်သက်ပြီး တော်တော်များများက မေးချင်နေကြတယ်။”
အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်ကာပူက မြန်မာတွေ တွေ့ဆုံပွဲကို ဒီတခေါက်မှာ စင်ကာပူရှိ မြန်မာသံရုံးက ဦးဆောင် စီစဉ် တယ်လို့လည်း ပြောပါတယ်။
စင်ကာပူခရီးမှာ ဒေါ်အာင်ဆန်းစုကြည်နဲ့အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့က တာဝန်ရှိသူတွေ လိုက်ပါသွားကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၃ခုနှစ်က လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ စင်ကာပူကို သွားရောက်ခဲ့ဖူးပြီး ဒီ တကြိမ်မှာတော့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ချစ်ကြည်ရေးခရီး သွားရောက်တာ ဖြစ်ပါတယ်။











