DVB Logo
Home
Lead Story
“ပြန်တိုက်တယ်ဆိုတဲ့ဟာက အမှန်ကတော့ ထိုးစစ်ကို ပုံစံအသစ်တခုအနေနဲ့ ချေဖျက်တဲ့သဘော” နိုင်ဟံသာနှင့် မေးမြန်းချက်
DVB
·
November 29, 2016
“ပြန်တိုက်တယ်ဆိုတဲ့ဟာက အမှန်ကတော့ ထိုးစစ်ကို ပုံစံအသစ်တခုအနေနဲ့ ချေဖျက်တဲ့သဘော” နိုင်ဟံသာနှင့် မေးမြန်းချက်
Donate to DVB

မြန်မာနိုင်ငံမြောက်ပိုင်း တိုက်ပွဲတွေ ဆင်နေတာဟာ အစိုးရရဲ့ ထိုးစစ်ဆင်တာတွေကို လျော့ကျဖို့ ပြန်လည်ချေဖျက်တဲ့ သဘောဖြစ်တယ်လို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီရဲ့ သဘောထားနဲ့ပတ်သက်ပြီး အဖွဲ့ရဲ့ ဒု-ဥက္ကဋ္ဌ နိုင်ဟံသာပြောပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီရဲ့သဘောထားနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဖြေကြားလိုက်တာ ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး ယူအန်အက်စီဖက်က ဘယ်လို ကိုင်တွယ်ဖို့ရှိလဲလို့ မေးမြန်းရာမှာတော့ နိုင်ဟံသာက ပထမဦးဆုံး အခုလို ဖြေကြားထားပါတယ်။
“မြောက်ပိုင်းမှာဖြစ်တဲ့ တိုက်ပွဲကိစ္စကိုလည်း ဆွေးနွေးပါတယ်။ အဲဒီကိစ္စကိုလည်း တဖက်က ဘယ်လိုကိုင်တွယ်ရမလဲ၊ ဘယ်လိုသဘောထားမလဲ စသည်ဖြင့်ပေါ့နော်။ အဲလိုတော့ရှိပါတယ်။ အခု ကချင်တို့၊ ပလောင်တို့၊ အေအေတို့၊ ကိုးကန့်တို့ ပူးပေါင်းပြီးတော့ ပြန်တိုက်တယ်ဆိုတဲ့ ဟာက အမှန်ကတော့ ထိုးစစ်ကို ပုံစံအသစ်တခုအနေနဲ့ ချေဖျက်တဲ့သဘောပေါ့နော်။ အစိုးရ ဖက်က ထိုးစစ်လုပ်နေတာ ၃ လလောက်ရှိပြီကို အဲဒါကို ဒီတိုင်း ခံစစ်အနေနဲ့ပဲ ကိုယ်ခံနေရရင် ကိုယ်နာမှာပေါ့။ ကိုယ့်နေရာကို သူများလာတိုက်တာကို။ အဲဒါအပြင်ထွက်တိုက်ပြီးတော့မှ လှုပ်ရှားလိုက်ခြင်းအားဖြင့် အစိုးရက သူ့ကွင်းတွေကို လုံခြုံရေးအရသူပြန်ယူရမှာပေါ့။ အဲဒီတော့ ထိုးစစ်က သက်လာလိမ့်မယ်လို့ အဲလို ယုံကြည်တယ်။ အဲလိုပုံစမံမျိုးနဲ့ သူတို့က လှုပ်ရှားတာ။”

ပြီးခဲ့တဲ့ ရက်ပိုင်းက ကေအိုင်အေကနေပြီး ဒီတိုက်ပွဲကို ကန့်သတ်တိုက်ပွဲလို့ ထုတ်ပြန်ထားတာ ရှိပါတယ်။ အချိန်ကိုပြောတာလား၊ နေရာကိုပြောတာ။
“အကန့်အသတ်ဆိုတာက တိုက်တဲ့ခွင်ရော၊ တိုက်တဲ့နေရာရောပေါ့နော်။ ဥပမာ မြို့ကြီးတွေကို မတိုက်ပါဘူး။ ဒီလိုအထိုက်အလျောက်အစိုးရဖက်ကို နည်းနည်းလှုပ်ရှားတိုက်ပြခြင်းအားဖြင့် အစိုးရကလည်း သူ့အခြေအနေကို သူပြန်သုံးသပ်မယ်။ သူ့ရဲ့လှုပ်ရှားမှုပုံစံကိုလည်း သူပြင်ရမယ်။ အဲလိုအနေအထားမျိုးနဲ့ အကန့်အသတ်ပါ။ ရရင်ရသလောက် မြို့ကြီးထဲကို ၀င်ပြီးတော့မှအကြီး အကျယ် တိုက်မယ့်ပုံစံမျိုးမဟုတ်ဘူးဆိုတဲ့သဘောပါ။”

ဆိုတော့ ယူအန်အက်ဖ်စီတပ်ဖွဲ့ဝင်တွေကရော ဒီတိုက်ပွဲမှာပါဝင်တယ်လို့ ပြောလို့ရမလား။
“ဒီလိုပါ။ အခုက မြောက်ပိုင်းက တပ်ဖွဲ့တွေ သူတို့ စုပေါင်းပြီးတော့ လုပ်ကြတာပါ။ ယူအန်အက်စီ အနေနဲ့လည်း မတိုက်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ တဖက်က တွေ့ဆုံဆွေးနွေးမှုကိုလည်း ပျက်မသွားစေချင်ဘူးလေ။”

ဆိုတော့ အခု ဒီတိုက်ပွဲတွေကြာင့် တွ့ဆုံဆွေးနွေးမှုတွေ ဥပမာ အန်စီအေစာချုပ်အတွက် တွေ့ဆုံဆွေးနွေးမှုတွေ ဘယ်လိုဖြစ်သွားနိုင်လဲ။
“ဒါကတော့ မပြောတတ်ဘူး။ ဟိုအစိုးရဖက်က ဘယ်လိုသဘောထားလာမလဲတော့ မပြော တတ်ဘူးပေါ့နော်။ ဒါပေမယ့် ဒို့ဘက်ကတော့ တွေ့ဆုံဆွေးနွေးမှုကို မပျက်စေချင်ဘူး။ မထိခိုက်စေချင်ဘူး။ ဒါပေမယ့် အခု ပူးပေါင်းပြီးတော့ လှုပ်ရှားလိုက်တာကတော့ ဒါကိုယ့်ကို လာပြီးတော့ ထိုးစစ်ဆင်နေတဲ့ဟာကို တဖက်က နည်းနည်းသက်သာသွားအောင်ပေါ့ဗျာ။ အဲလို နည်းနာတခုအနေနဲ့ပေါ့လေ ပြန်လှုပ်ရှားပြီးတော့မှ ပြန်တိုက်ပြလိုက်တဲ့ သဘောပါ။”

ဒီတိုက်ပွဲကြောင့် အစိုးဘက်ကို ပိုပြီးတော့ အကြပ်အတည်းမဖြစ်စေဘူးလား။
“ အထိုက်အလျောက်တော့ ဖြစ်စေတာပေါ့။ ဒါမှ အစိုးရဖက်က သူ့ဘက်က သူ့ခွင်ထဲကို လုံခြုံရေး သူတာဝန်ယူရမယ်ဆိုတော့ သူ့တပ်တွေကို သူပြန်ပြီးတော့မှ တမျိုးပြန်စီစဉ်ရမယ်။ ဟိုဘက်ကိုပဲ စုပြီးတော့ သွားတိုက်နေလို့မရတော့ဘူး။ သူ့နယ်ကို သူပြန်ကာရတဲ့အနေအထားမျိုးဖြစ်တယ်။ အဲလိုအနေအထားမျိုးဆိုရင် ကိုယ့်ကို ထိုးစစ်ဆင်လာတဲ့ဟာက နည်းနည်းသက်သာသွား တာပေါ့။”

ဆိုတော့ ဒီတိုက်ပွဲကြောင့်ဘဲ ၂၁ ရာစုပင်လုံညီလာခံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ်မှာ ယူအန်အက်ဖ်စီအနေနဲ့ သွေဖီလိုက်ပြီလား။

“အဲဒါကတော့ အန်ကယ်တို့ဖက်ကတော့ ၂၁ ရာစုပင်လုံကို ဆွေးနွေးမှုအစီစဉ်ကို ပျက်မသွားစေချင်ဘူး။ အဲဒါကို ကောင်းကောင်းမွန်မွန်နဲ့ အနှောက်အယှက်မရှိ ယုံကြည်မှု ရှိရှိနဲ့ ဖြစ်စေချင်တယ်။ အခုလိုအစိုးရဖက်က တိုက်နေရင်၊ ကိုယ့်ဘက်က ခံနေရရင် ကိုယ့်ဘက်က လည်း ခံစားမှုမကောင်းဘူး။ ကိုယ့်ဘက်က ဒီလို မလွှဲမရှောင်သာလို့ ပြန်တိုက်လိုက်ရတယ်။ အမှန်ကတော့ တိုက်ပွဲတွေဖြစ်နေရင် နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ ဆိုတဲ့နေရာမှာတော့ အနည်းနဲ့ အများတော့ ထိခိုက်မှာပဲ။ ယုံကြည်မှုတွေလျော့ကျမှာပဲ။ သံသယတွေရှိလာမှာပဲ။ ဒါကတော့ မဖြစ်သင့်ဘူး။ ဒါပေမယ့် အခုက အစိုးရဖက်က အမျိုးမျိုး ထိုးစစ်တွေဆင်နေတယ်။ ဒါ သမီးတို့လည်း သိမှာပါ။ ဥပမာ လေယာဉ်တွေဘာတွေ အမျိုးမျိုးသုံးပြီးတော့မှ အကြီးအကျယ် ထိုးစစ်ဆင်နေတဲ့ဟာကို ဒီလိုနည်းနဲ့ ခံစစ်တွေပုံစံနဲ့ ကိုယ့်နေရာမှာပဲ ကိုယ်ခံနေရင် ကိုယ်နာမှာပေါ့။ အဲတော့ အပြင်ကိုထွက်ပြီးတော့မှ ထိုးစစ် ပြန်လုပ်လိုက်တော့ ခံစစ်ကိုပိုမိုပြီးတော့မှ စနစ်ကျတဲ့ နည်းနာတခုအနေနဲ့ ဒါ လှုပ်ရှားခြင်းဖြစ်တယ်။ ”

မြောက်ပိုင်းမှာဖြစ်တဲ့တိုက်ပွဲကြောင့် အစိုးရသတင်းစာမျက်နှာမှာရော လူမှုကွန်ရက်စာမျက်နှာမှာ ကေအိုင်အေနဲ့ ပူးပေါင်းတပ်တွေက အရပ်သားတွေကို ထိခိုက်အောင်လုပ်တယ်လို့ ပြောတာ မျိုးတွေ ရှိတယ်။ ဒီအပေါ်ယူအန်အက်စီဖက်က ဘယ်လိုမျိုးပြောချင်လဲ။
“အဲဒီကိစ္စက အန်ကယ်တို့သိသလောက် နောက်မနေ့တနေ့ကလည်း မိုင်ဘုန်းကျော်နဲ့ ဘူးလက်လှဆွေတို့ အမေးအဖြေလုပ်သေးတယ်။ အန်ကယ်တို့သိတယ်။ အမှန်ကတော့။ သူတို့ဘက်က ထိုးစစ်ဆင်တုန်းက ရွာတွေဘာတွေအများကြီးပျက်တယ်။ နောက်ဥပမာ ပလောင်ကို ထိုးစစ်ဆင်တော့လည်း မဆီမဆိုင်တဲ့ရွာတွေထဲမှာ လက်နက်ကြီးတွေ ပစ်ချတယ်။ လူထုတွေအများကြီး ဒုက္ခဖြစ်တယ်။ သေတဲ့လူလည်းအများကြီးပါပဲ။ အမှန်မှာကတော့ အစိုးရ ဘက်က ထိုးစစ်ဆင်လို့ လူထုတွေထိခိုက်တဲ့ဟာကို သတင်းထဲမှာ မဖော်ဘူး။ မဖော်ကြဘူးလေ။ အခုက အန်ကယ်တို့ဒီတော်လှန်ရေးဘက်က နည်းနည်းလှုပ်ရှားလာတော့မှ၊ လူထုကို ထိခိုက်လာတော့မှပဲ အဲဒါကို အကြီးအကျယ်ဖော်နေတာ။ အခုလှုပ်ရှားတာကလည်းလူထုကို ထိခိုက်စေချင်လို့မဟုတ်ဘူး။”

ဒီတိုက်ပွဲက ကန့်သတ်တိုက်ပွဲလို့ပြောပေမယ့် တိုင်းရင်းသားတွေဖက်က အစိုးရကို သွားပြီး ထိုးစစ်ဆင်တာဖြစ်တယ်။ အဲဒီတော့ အစိုးရဖက်ကထိုးစစ်ကို ရပ်မယ်လို့ထင်လား။
“ဒါကတော့ မပြောတတ်ဘူး။ အစိုးရဘက်က ထိုးစစ်ကိုပဲ ပြန်ပြီးတော့ လုပ်မယ်ဆိုရင် ဒီတိုက်ပွဲ က ပိုပြီးတော့ ကြီးကျယ်လာမယ်။ ဆွေးနွေးမှုကို ထိခိုက်စေနိုင်တယ်။ ဒါကတော့ ရှောင်လို့ မရဘူးလေ။ ဒီဖက်က အဲဒီလိုမှ မလုပ်ရင်လည်း ကိုယ့်ဘက်က အခံကြီးပဲ ဖြစ်နေမယ်ဆို ရင်လည်း ကိုယ့်ဘက်က နာမှာကို အဲတော့ နည်းနာအသစ်နဲ့ နည်းနာတခုအနေနဲ့ပေါ့လေ အခုလို ထိုးစစ်လုပ်တာဖြစ်တယ်။”

နောက်တခုက တရုတ်အစိုးရအနေနဲ့ ဒီငြိမ်းချမ်းရေးပါဝင်မယ်လို့ ပြောထားတယ်။ ဆိုတော့ တရုတ်အပေါ်မှာ တိုင်းရင်းသားတွေဖက်က ဘယ်လောက်အထိ ယုံကြည်မှုတွေရှိသလဲ။
“ဒီလိုပါ အခု အန်ကယ်တို့ ပြီးလာတဲ့ဆွေးနွေးမှုတွေမှာလေ။ ဟို့ အန်စီစီတီကတည်းကိုက အန်ကယ်တို့ဒီဆွေးနွေးမှုကြီးတွေမှာ ယူအန်ကိုလည်းဖိတ်တယ်၊ တရုတ်ကိုလည်း ဖိတ်တယ်။ အီးယူကိုလည်းဖိတ်တယ်။ အိမ်နီးချင်းတွေကို တတ်နိုင်သလောက်ကို ဖိတယ်။ အန်ကယ်တို့ အမှန်ကတော့် ဒီအစိုးရနဲ့ဆွေးနွေးတဲ့နေရာမှာ နိုင်ငံပတ်ဝန်းကျင်က ပြင်ပနိုင်ငံက ကိုယ်စားလှယ် တွေ ပါနိုင်လေ ပိုကောင်းလေပါပဲ။ အန်ကယ်တို့ ဒါကတော့ မငြင်းဘူး။ သက်သေအနေနဲ့ ပါနိုင်ရင်တော့ ပိုကောင်းတယ်။ အန်ကယ်တို့လည်း အဲဒါကိုလိုချင်တယ်။ ”

တရုတ်အပေါ်မှာ ယုံကြည်မှု ဘယ်လောက်ရှိသလဲ။
“ဒီလိုပါ။ တရုတ်ကလည်း သူတို့ဒီနယ်စပ်တလျောက် အေးချမ်းစေချင်တဲ့သဘောရှိတယ်။ ဒို့နိုင်ငံ အေးချမ်းမှ သူတို့ကလည်း ဒို့နိုင်ထဲမှာ ၀င်ပြီးတော့ပေါ့လေ စီးပွားရေးလုပ်ငန်းတွေကို သူတို့ အတွက် လုပ်ရတာ ပိုပြီးတော့ အဆင်ပြေမယ်။ သူတို့နိုင်ငံက ဥပမာ သစ်တွေဘာတွေ ယူနေတယ်။ တခြားကုန်ပစ္စည်းတွေလည်း ရသလောက် ကျောက်စိမ်းတို့၊ ဂတ်စ်တွေကအစ သူတို့က အများကြီးကို တင်သွင်းနေတာကို။ နောက် Dam တွေဘာတွေ အများကြီး တည်ဆောက်ဖို့လည်း ရည်ရွယ်ထားတယ်။ အဲတော့ ဒို့နိုင်ငံမှာ အေးချမ်းမှ သူတို့စီးပွားရေး အတွက် ပိုအဆင်ပြောမယ်။ ဒါကတော့ သူတို့ရဲ့လိုလားချက်ပေါ့လေ။ အခုသူတို့ပါဝင်လာတာ ကလည်း အဲဒီကိစ္စတွေ သူတို့ရဲ့စီးပွားရေးအတွက်လားတော့ မပြောတတ်ဘူး။ ဘယ်လိုနည်းနဲ့ဘဲ ဖြစ်ဖြစ်ပေါ့။ အန်ကယ်တို့ဘက်ကတော့ ဒီတွေ့ဆုံဆွေးနွေးရေးကိစ္စမှာ ပြင်ပနိုင်ငံတွေက၊ နိုင်ငံတကာအဖွဲ့အစည်းတွေက ပါဝင်လာလေ။ အသိသက်သေအနေနဲ့ ပါဝင်ခြင်းအားဖြင့် နှစ်ဖက်ဆွေးနွေးမှု၊ သဘောတူညီမှုတွေကတော့ ပိုပြီးတော့ ခိုင်မာတယ်လို့ အန်ကယ်တို့က အဲလို ယုံကြည်တယ်။”

အခုလောလောဆယ်အထိ အစိုးရနဲ့ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လက်မှတ်ထိုးတဲ့ အဖွဲ့တွေကတော့ ထိုးပြီးသွားပြီ။ မထိုးသေးတဲ့အဖွဲ့တွေက ဘာတွေ ဆက်လုပ်ဖို့ရှိလဲ။
“အန်ကယ်တို့ကတော့ လက်မှတ်မထိုးဘူးလို့ မငြင်းပါဘူး။ ဒီအန်စီအေကို အန်ကယ်တို့ ပါဝင်ညှိနှိုင်းပြီးဆွေးနွေးလာတယ်။ ပိုပြီးတော့ခိုင်မှာအောင် အန်ကယ်တို့က ညှိနေတာဖြစ်တယ်။ တချို့အချက်တွေမှာ သိပြီးမလုံလောက်ဘူး။ ဥပမာ အခုကတော့ အန်စီအေထိုးထားတဲ့အဖွဲ့တွေ rcss အစိုးရဖက်က သွားပြီးတော့ တိုက်တာရှိတယ်။ ဒါကတော့ အန်စီအေက သိပ်ပြီးတော့မှ ခိုင်မာမှုမရှိသေးဘူးဆိုတဲ့ သဘောကိုပြတယ်။ အဲဒီတော့ ပိုပြီးတော့ ခိုင်မာအောင် တချို့အချက်တွေကို နည်းနည်း ဒီဖက်က တင်ပြတာတွေတော့ရှိတယ်။ ”

အခုလောလောဆယ်ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် တိုင်းရင်းသားတွေဘက် လူဆိုးကြီးလို ပေါ်အောင်လည်း အစိုးရဘက်က သတင်းထုတ်ပြန်ထားတာတွေ့ရတယ်။ ဒီအပေါ်မှာ အန်ကယ်တို့ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ ဘာပြောချင်လဲ။
“အန်ကယ်တို့ဘက်ကတော့ မီဒီယာတွေ သတင်းတွေက မေးလာတဲ့ပေါ်မှာ အများကြီး ပြန်ရှင်းတယ်။ အခု တိုင်းရင်းသားတွေက ပြန်တိုက်တာက ကိုယ့်ကိုလာတိုက်နေတာကြာပြီ။ လက်နက်ကြီးမျိုးစုံနဲ့၊ လေယာဉ်တွေဘာတွေနဲ့ အကြီးအကျယ်တိုက်နေတဲ့ဟာကို ခံရပေါင်းများလို့ အခုခံရမှုသက်သာအောင် ပြန်တိုက်တာပဲဖြစ်တယ်။ ဒါ နည်းနာတခုပဲဖြစ်တယ်။ လူထုတွေ အနေနဲ့ ဒီနှစ်ခုကို ချိန်စကြည်ပါ။ အမှန်ကတော့ ဆွေးနွေးမှုကို မပျက်စေချင်ဘူး။ စစ်မှန်တဲ့ ဆွေးနွေးမှု၊ ပတ်ဝန်းကျင်အသိသက်သေ ကောင်းကောင်းမွန်မွန်နဲ့ ပြီးပြည့်စုံတဲ့ ဆွေးနွေးမှု ပုံစံကို အန်ကယ်တို့လိုလားတယ်။ အဲဒါကို အခိုင်အမာဖြစ်စေချင်တယ်။ ဒါပေမယ့် အခုဖြစ်နေတာက ပြီးခဲ့တဲ့ ၂၁ ရာစုပင်လုံပြီးတာနပြ တိုက်ပွဲတွေက တဖြည်းဖြည်းနဲ့ ပြင်းထန်လာတယ်။ ပိုပြီးတော့ကြီးလာတယ်။ ဒါကတော့ အစိုးရဖက်က၊ ဒါမှမဟုတ် တပ်မတော်ဘက်က မရိုးသားဘူး။ ဒီဆွေးနွေးမှုကို အနှောင့်ယှက်ဖြစ်စေချင်တယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်လို့ အန်ကယ်တို့ အဲလိုခံယူတယ်။ ”

ဟုတ်ကဲ့ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013