
ဆိုင်နေရာမရကြတဲ့ လမ်းဘေးဈေးသည် ၃၀၀ လောက် နိုဝင်ဘာလ ၂၉ ရက်နေ့က တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ မြို့တော်ဝန်ကို ဦးတည်ပြီး အသနားခံစာတွေ တင်ခဲ့ပါတယ်။
မဲနှိုက်ပေးတဲ့ထဲမှာ မပါတဲ့ လမ်းမတော်နဲ့ လသာမြို့နယ်တွေက ဒီဈေးသည်တွေဟာ လက်ရှိမှာ ဆက်လက်ရောင်းချဖို့ အခက်ခဲရှိလာတဲ့အတွက် အခုလိုစာတင်တာလို့ပြောကြပါတယ်။
လသာမြို့နယ်က ကုန်ခြောက်ရောင်းချသူ လမ်းဘေးဈေးသည်တဦးဖြစ်တဲ့ မသန်းသန်းအေးက “အစားအသောက်နဲ့ သစ်သီး မဟုတ်တဲ့ သူတွေ လမ်းလေးတွေထဲမှာ ဝင်ရောင်းလို့ ပြောတယ်။ ဒါပေမယ့် အဆင်မပြေဘူး။ မြေညီထပ်တွေမှာက ဆိုင်တွေ ကားတွေနဲ့ ဘယ်လိုမှ ရောင်းလို့ မရဘူး။ မူလနေရာမှာ ဆက်ရောင်းတော့ မနေ့က စည်ပင်က အတင်းခွေးမောင်းသလို မောင်းထုတ်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် ကျောက်တံတားနဲ့ ပန်းဘဲတန်းမြို့နယ်တွေက လမ်းဘေးဈေးသည်တချို့လည်း သူတို့ရဲ့ အခက်ခဲတွေကို စည်ပင်ကော်မတီဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရဖို့ ကြိုးစားနေကြပါတယ်။
လမ်းမတော်မြို့နယ်က လမ်းဘေးဈေးသည် မကြည်ကြည်သိန်းက “ပထမ ဓာတ်ပုံတွေရိုက် စာရင်းကောက်တော့ပါတယ်။ ခု ကျမှာ အစားအသောက်သစ်သီးမဟုတ်လို့ မပါဘူး။ တခြား တောင်းဆိုတာ မဟုတ်ပါဘူး။ နေရာသတ်သတ်မှတ်မှတ်လေးပေး။ ဒါမှမဟုတ် မူလနေရာ မှာပဲ စည်းကမ်းနဲ့ ဆက်လက်ရောင်းချခွင့်ပေးစေချင်တာပါ”လို့ ပြောပါတယ်။











