DVB Logo
Home
မြန်မာသတင်း
ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဒေါက်တာအေးမောင် ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်မည်
DVB
·
November 28, 2016
ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဒေါက်တာအေးမောင် ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်မည်
Donate to DVB

လာမယ့်ဧပြီလကျင်းပမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ (အေအန်ပီ) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဟာ ရခိုင်ပြည်နယ် အမ်းမြို့နယ်ပြည်သူ့လွှတ်တော်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိပါတယ်။
ရခိုင်လူထုအများစုကရော ပါတီကပါ ဒေါက်တာအေးမောင် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားတယ်လို့ ရခိုင်အမျိုးသားပါတီဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ဒီဗွီဘီကို ပြောပါတယ်။

“သေချာကတော့ ဒေါက်တာအေးမောင်အမ်းမြို့နယ်မှာ ၀င်ပြိုင်ဖို့ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ အတွင်းရေးမှူးအဖွဲ့ ဦးဆောင်ပြီးတော့ ကော်မရှင်အဖွဲ့တွေပေါ့ အမ်း ဘက် တွေကို သွားပြီးတော့လူထုစစ်တမ်း ကောက်ယူခဲ့တယ်ပေါ့။ ဘယ်သူဝင်ပြိုင်သင့်သလဲ ဆိုတာ ကို၊ အဲ့ဒီမှာကျေးရွာတွေနဲ့ မြို့တွေကလူထုတွေ ဆန္ဒပြုတာက ဒေါက်တာအေးမောင်ကို ဝင်ပြိုင်ဖို့ တောင်းဆိုကြတာပ့ါလေ။ လောလောဆယ်မှာဒေါက်တာ အေးမောင်ကိုရွေး ထားတယ်။”

ရခိုင်အမျိုးသားပါတီက အမ်းမြို့နယ်မှာ သွားရောက် လူထုသဘောထား စစ်တမ်းတခုကို ကောက်ခံခဲ့ရာမှ ကျေးရွာနဲ့မြို့လူထု ၃၀၀ကျော်လောက်မှာ အများစုက ဒေါက်တာ အေးမောင်ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ သဘောထားအများဆုံးရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင်ဒေါက်တာအေးမောင်အနေနဲ့လဲအမ်းမြို့နယ်မှာ ၀င်ရောက်ရွေးကောက်ခံဖို့ အစီအစဉ်ရှိကြောင်းနဲ့ သူဝင်ပြိုင်မယ်ဆိုရင် ပါတီကလည်း ကန့်ကွက်သူမရှိဘူးလို့ ဦးခိုင်ပြည်စိုးက ဆက်လက်ပြောပါတယ်။

“သူသာဝင်ပြိုင်မယ်ဆိုရင် ကန့်ကွက်စရာအကြောင်းမရှိပါဘူး။ သဘောထားလဲကွဲလွဲစရာ အကြောင်းမရှိဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ပါတီရဲ့မူဝါဒအရ မိမိဆန္ဒ အလျှောက် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပြုထားပါတယ်။ ပါတီဗဟိုကတော့ လောလောဆယ် ၂၀၁၅ ရွေးကောက်ပွဲ တုန်းကလည်း ဘယ်သူက ဘယ်နေရာမှာဝင်ပြိုင် ဘယ်သူက ဘယ်နေရာမှ မပြိုင်ရဘူးဆိုတာ တိုက်ရိုက်ချပေးထားတာမရှိဘူး။ ဒေါက်တာအေးမောင်ဘက်ကလည်း ပြောထားတာရှိပါတယ်။ ပါတီကလူတွေဝင်မပြိုင်ရင် သူဝင်ရောက်ယှဉ်ပြိုင်သွား မယ်လို့ ပြောထားပါတယ်။”

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီက ဝင်ရောက်ယှဉ်ပြိုင်မှာနဲ့ ပတ်သက်လို့ လာမယ့်အပတ် အစည်းအဝေးမှာ ရွေးကောက်ပွဲဝင်ရောက်မယ့်သူ စာရင်းကို တရားဝင်ထုတ်ပြန်သွားဖို့ရှိပါတယ်။
ဒေါက်တာအေးမောင်ဟာ ပြီးခဲ့တဲ့၂၀၁၅ ရွေးကောက်ပွဲတုန်းက မာန်အောင်မြို့နယ် ပြည်နယ်လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။

အခုလာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးသောင်းအေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဇော်ဝင်းမြင့်တို့နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013