DVB Logo
Home
မြန်မာသတင်း
ရခိုင့်သယံဇာတကို ရခိုင်တို့ကိုယ်တိုင် စီမံပိုင်ခွင့်ရရှိရေး လမ်းလျှောက်ချီတက်ပွဲ ပြီးဆုံး
DVB
·
November 28, 2016
Donate to DVB

ရခိုင့်သယံဇာတကို ရခိုင်တို့ ကိုယ်တိုင်စီမံပိုင်ခွင့်ရရှိဖို့ မိုင်းပေါင်း ၃၉၀ ကျော်ခရီးကို စစ်တွေကနေ ကျောက်ဖြူအထိ ၇ ရက်ကြာ လမ်းလျှောက်ချီလာခဲ့ပြီးနောက် နိုဝင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းမှာ ကျောက်ဖြူမြို့ကို ရောက်ရှိပြီ ဖြစ်ပါတယ်။

၇ ရက်မြောက်နေ့မှာ မြို့နယ် ၁၀ မြို့နယ်ကို ချီတက်လာပြီးနောက် ဒီကနေ့မှာ ကျောက်ဖြူမြို့ကို ရောက်ရှိလာပြီး ကျောက်ဖြူဒေသခံတွေက သောင်းနဲ့ချီ လာရောက်ကြိုဆိုကြတာပါ။

ရခိုင်သယံဇာတကို ရခိုင်တို့ကိုယ်တိုင် စီမံပိုင်ရရှိဖို့အတွက် အခုလို လမ်းလျှောက် ချီတက်ပွဲကိုလည်း ပြည်သူတရပ်လုံးက အခုလို ထောက်ခံကြိုဆိုကြတာကို ကြည့်ရတဲ့အတွက် မှန်းထားတဲ့ ရည်မှန်းချက် အောင်မြင်လိမ့်မယ်လို့ အများကြီး မျော်လင့်ထားတယ်လို့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက် ဦးဆောင်ကော်မတီ ကိုထွန်းကြည်က ဒီဗွီဘီကို ပြောပါတယ်။

“ရခိုင်ပြည်ထဲ လျှောက်လာတဲ့အထဲမှာ ကျောက်ဖြူ တော်တော်လေးကို အားရစရာကောင်းတဲ့ အခြေအနေ ရှိတယ်။ လူတသောင်းကျော် နှစ်သောင်းနီးပါးလောက်ထိ ကြိုဆိုကြပါတယ်။ မြို့နယ်တိုင်းလည်း မကြိုဆိုတဲ့မြို့ မရှိသလောက် ရှားပါတယ်။ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ မြေယာနဲ့ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ သယံဇာတတွေ အကုန်လုံးကို ရခိုင်လူထု ပိုင်ဆိုင်ခွင့်ဆိုတဲ့ ကျနော်တို့ အဓိကအန္တိမခံယူချက်အပေါ်မှာ ပြည်သူတရပ်လုံး အခုလို ထောက်ခံကြိုဆိုကြတာကို ကြည့်ရတဲ့အတွက် ကျနော်တို့ရဲ့ ဒီရည်မှန်းချက်ဟာ အောင်မြင်လိမ့်လို့ ကျနော် အများကြီးမျော်လင့်ပါတယ်။”

လုထုရဲ့ ဖြစ်ချင်တဲ့ သဘောထားဆန္ဒကို ကျနော်တို့ကနေ လုပ်ဆောင်ဖြစ်တာဖြစ်ပြီး ပြည်သူ့အစိုးရအနေနဲ့ ဒါတွေကို ဖော်ဆောင်ပေးဖို့ လိုတယ်လို့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက် ဦးဆောင်ကော်မတီ ဦးဇေယျကျော်ကလည်း ဒီဗွီဘီကို ပြောပါတယ်။

“ပြည်သူ့ဆန္ဒအနေနဲ့ သဘာဝသယံဇာတကွန်ရက်ကလည်း မိုင် ၃၀၀ ကျော် ချီတက်လာတဲ့ ရည်ရွယ်ချက်က လူထုရဲ့ သဘောထား၊ ဖြစ်ချင်တဲ့ဆန္ဒကို အစိုးရ ကြားသိအောင် ကျနော်တို့ကနေပြီးတော့ လုပ်ဆာင်ခဲ့ပြီးပြီ။ ပြည်သူ့အစိုးရအနေနဲ့ ဒါတွေကို မဖော်ဆောင်ခဲ့ဘူး ဆိုရင် ယခင့်ယခင်သော စစ်အစိုးရကဲ့သို့သော အဲဒီဟာမျိုးပဲ ဖြစ်နေမှာဖြစ်တာကြောင့် ဒီဟာတွေကို တက်နိုင်သမျှ ဖော်ဆောင်ပေးနိုင်ဖို့ ချီးတက်ပြီးတော့ ဆန္ဒဖော်ထုတ် ခဲ့ရတာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်က ထွက်ရှိလာတဲ့ သစ်တောနဲ့ သဘာဝသယံဇာတ ရွှေ၊ သဘာဝဓာတ်ငွေ့တွေ အပါအဝင် ဒေသခံ ပြည်သူတွေက တစုံတရာ အကျိုးခံစားခွင့် ရရှိခွင့်မရှိဘဲ ဆက်လက် လုပ်ဆောင်နေတာတွေဟာ ဒေသခံ ပြည်သူထုကို မျက်ကွယ်ပြု ရာ ရောက်နေတယ်လို့ ဦးဇေယျကျော်က ဆက်လက်ပြောပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့စလို့ စစ်တွေကနေ လူပေါင်း ၂၀၀ ခန့် လမ်းလျှောက် ချီတက်လာခဲ့ပြီးတော့ အဲဒီကနေတဆင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ မအီ၊ ရမ်းဗြဲ၊ စနဲ့၊ ကျောက်ဖြူ  စတဲ့မြို့တွေမှာ လူထုဟောပြောမှုတွေ ပြုလုပ်ခဲ့တာပါ။

အဲဒီလမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကို ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က ဦးဆောင်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်တွေ လူမှုအဖွဲ့အစည်း ၁၀ ကျော် ပူးပေါင်းပါဝင်ကြတာပါ။

သတင်း - ဝဏ္ဏခွာညို၊ ဓာတ်ပုံ- ဒီဗွီဘီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013