DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ပေါက်ကွဲမှုများဖြစ်ပြီးနောက် ရွှေတိဂုံစေတီတော်ကြီး လုံခြုံရေး တိုးမြှင့်
DVB
·
November 25, 2016
ရန်ကုန်တွင် ပေါက်ကွဲမှုများဖြစ်ပြီးနောက် ရွှေတိဂုံစေတီတော်ကြီး လုံခြုံရေး တိုးမြှင့်
Donate to DVB

ရန်ကုန်မြို့က အများပြည်သူတွေ အသွားအလာများတဲ့ နေရာတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပြီးနောက် ရွှေတိဂုံစေတီတော်ကြီးရဲ့ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ထားတယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ အသေးစားပေါက်ကွဲမှုတွေကြောင့် ကမ္ဘာလှည့်ခရီးသည်တွေနဲ့ အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းအောင် ရွှေတိဂုံစေတီတော်ကြီးမှာ လုံခြုံရေး တိုးမြှင့်ထားတာပါ။

“အဖျက်သမားအဖွဲ့အစည်းတွေရှိတယ် ဆိုကတည်းက ကျနော်တို့က လုံခြုံရေးကို တိုးမြှင့်ပြီး ဆောင်ရွက်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ကျနော်တို့ရဲ့ စေတီတော်ကြီး လုံခြုံရေးကို တာဝန်ယူထားတာကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖြစ်ပါတယ်။ သူတို့ကလည်း အတိအကျတော့ ပြောလို့မရဘူး။ ကျနော်တို့ ရွှေတိဂုံစေတီတော်ကြီး ဂေါပကအဖွဲ့က လုံခြုံမီးသတ်အင်အားတွေနဲ့ကတော့ နေ့စဉ်တာဝန်ထမ်းဆောင်နေတဲ့ အင်အားတွေပေါ့နော်” လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောပါတယ်။

စေတီတော်ကြီးရဲ့ လုံခြုံရေးကို နယ်မြေခံရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး ရဲအင်အား ၃၀၀ ကျော်က တာဝန်ယူ ဆောင်ရွက်နေတာပါ။

ညဘက်တွေမှာလည်း လုံခြုံရေးအဖွဲ့ ၃ ဖွဲ့ ဖွဲ့ပြီးတော့ ည ၁၀ နာရီကနေ မနက် ၄ နာရီအချိန်အထိ လုံခြုံရေးကင်း ၃ ကြိမ် လှည့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

စေတီတော်ကြီးရဲ့ ပရိဝုဏ်အတွင်းမှာ ဒရုန်းပျံသန်းမှုကို တားမြစ်ထားခဲ့တာဖြစ်ပြီး လက်ရှိမှာ ဒရုန်းပျံသန်းမှုကို အလွယ်တကူ ဖျက်ချနိုင်ရန် အန်တီဒရုန်းများနဲ့ ဆောင်ရွက်နေတယ်လို့ ဦးထွန်းအောင်ငွေက ဆက်ပြောပါတယ်။

စေတီတော်ကြီးရဲ့ ရင်ပြင်တော်နဲ့ ပရိဝုဏ်အတွင်းမှာ စီစီတီဗွီအလုံးရေ ၁၀၀ ကျော်နဲ့ လုံခြုံရေး ဆောင်ရွက်ထားတာဖြစ်ပြီး အခြား ရှာဖွေရေးစက်ပစ္စည်းတွေနဲ့လည်း လုံခြုံရေးကို ဆောင်ရွက်နေပါတယ်။

“ဒီဝတ္တကမြေအတွင်းမှာ ညအိပ်မယ့်သူတွေက ညအိပ်စာရင်း တိုင်ကြားရမယ်။ အဲဒါကိုလည်း ကျနော်တို့က စစ်ဆေးနေတာပေါ့။ မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ပေါင်းပြီး စစ်ဆေးနေတယ်။ ကျန်တာတော့ ကင်းလှည့်နေကြတာရှိတယ်။”

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ နိုဝင်ဘာ ၁၇ ရက်က ၉ မိုင် အိုးရှင်းစင်တာနဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က ဒေါပုံ ကက်ပီတယ် ဟိုက်ပါမားကက်တွေမှာ အသေးစားပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒါတွေကြောင့် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ရန်ကုန်မြို့ လုံခြုံရေး မကျိုးပေါက်အောင် ဆောင်ရွက်ထားပြီးတော့ မြို့ဝင် မြို့ထွက်၊ လူစည်ကားရာ နေရာတွေနဲ့ ဘာသာရေး အဆောက်အုံတွေ၊ အစိုးရရုံးဌာနတွေမှာ လုံခြုံရေးတိုးမြှင့်ပြီး ဆောင်ရွက်ထားကြဖို့ စီစဉ်ညွှန်ကြားထားတယ်လို့ နိုဝင်ဘာ ၂၁ ရက်နေ့က ပြုလုပ်ကျင်းပခဲ့တဲ့ ဝန်ကြီးချုပ်ဦးဆောင်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013