
တီအန်အယ်လ်အေ တအောင်း တပ်ဖွဲ့တွေက ခရီးသွားယာဉ်ကို ဖျက်ဆီးပြီး အရပ်သား ၁ ဦးကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။
နိုဝင်ဘာ ၂၄ ရက်မနက် ၁၁ နာရီမိနစ် ၅၀ ခန့်မှာ မူဆယ်မှ ကွတ်ခိုင်သို့ ကုန်စည်တွေ တင်ဆောင်မောင်းနှင်လာတဲ့ CANTER အမျိုးအစား ၆ ဘီး ယာဉ်ကို တီအန်အယ်လ်အေ တအောင်းတပ်က လက်နက်ငယ်များနဲ့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အသက် ၄၅ နှစ်ခန့်ရှိ ယာဉ်နောက်လိုက် (စိစစ်ဆဲ)ဟာ ဦးခေါင်းမှာ ကျည်ထိမှန်သေဆုံးခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အလားတူ နိုဝင်ဘာ ၂၄ ရက်မနက်ပိုင်းမှာ ကွတ်ခိုင်မြို့အတွင်းကို လက်နက်ကြီးဖြင့် ၂ ချက် လာရောက်ပစ်ခတ်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုမရှိခဲ့ပါဘူး။











