DVB Logo
Home
Lead Story
ဘာပြိုင်နေကြလဲ...
DVB
·
November 24, 2016
ဘာပြိုင်နေကြလဲ...
Donate to DVB

ဒီရက်ပိုင်း မြန်မာ-ထိုင်း နယ်စပ် မဲဆောက်နဲ့မြ၀တီမြို့တွေဘက် ခရီးထွက်ရောက်ဖြစ်တော့ နှစ်နိုင်ငံစလုံး နယ်စပ်လုံခြုံရေးကို သာမန်ကာလျှံကာပဲ လုပ်ထားတာတွေ့လို့ အံ့အားသင့်မိတယ်။ မြန်မာဘက်ခြမ်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရှိနေပြီး နှစ်နိုင်ငံကြား လောင်စာဆီ တင်ပို့တဲ့ကိစ္စနဲ့ပတ်သက်လို့ တိုင်းရင်းသားတပ်ဖွဲ့ခေါင်းဆောင်တယောက်က နယ်စပ်ဂိတ်တွေ ပိတ်ပစ်မယ်လို့ မကြာသေးခင်းကမှ ခြိမ်းခြောက်ပြောဆိုထားတာဖြစ်တယ်။ မြန်မာနဲ့ထိုင်း နှစ်နိုင်ငံ တာဝန်ရှိသူတွေကတော့ ဒါကိုပဲ အလေးမထားတာလား၊ ဖြစ်ခါမှဖြစ်ရော နောင်ခါလာ နောင်ခါဈေး သဘောထားလား မပြောတတ်၊လုံခြုံရေးအထူးတလည် ချမထားဘူး၊ လျော့ရဲတယ်လို့ တောင်ပြော လို့ရတယ်။ အဲဒီကပြန်လာပြီး မကြာဘူး၊ နှစ်ပေါင်း ၂၀ ကျော် တိတ်ဆိတ်ငြိမ်သက်နေခဲ့တဲ့ ရှမ်း အရှေ့မြောက်ဒေသ မူဆယ်၊ မုန်းကိုး၊ ကြူကုတ်၊ ပန်ဆန်းစတဲ့ တရုတ်-မြန်မာ နယ်စပ်ဒေသမှာ တိုက်ပွဲသံ စီကနဲထွက်တယ်။ အစိုးရသတင်းတွေအရ တပ်နဲ့ ရဲ အပါအ၀င် လူ ၈ ဦး သေဆုံးပြီး ၃၀ခန့် ဒဏ်ရာရခဲ့တယ်။ အစိုးရက ကချင်၊ တအန်းပလောင်နဲ့ MNDAA ပူးပေါင်းအဖွဲတွေက ပူးပေါင်း တိုက်တာလို့ သတင်းထုတ်ပြီး တိုင်းရင်းသား တို့ဘက်က ကချင်၊ တအန်းပလောင်၊ MNDAAနဲ့ အေအေ ရခိုင် စတဲ့ တပ်ဖွဲ့ ၄ ခု၊ မြောက်ပိုင်း မဟာမိတ် ညီနောင်များအဖွဲ့က တိုက်တာလို့ ပြောဆိုခဲ့တယ်။ စတိုက်တာ တိုင်းရင်းသားတပ်ဖွဲ့ တို့ဘက်ကဖြစ်ပြီး ရခိုင်မှာလိုပဲ ကြိုတင်စီစဉ်ပြီး နေရာ ၇ ခုထက်မနည်းကို တချိန်ထဲ တပြိုင်ထဲလို ၀င်တိုက်ခဲ့တာဖြစ်တယ်။ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အပါအ၀င် တပ်စခန်း၊ ရဲကင်းတွေလည်း တိုက်ခိုက်ခံရတဲ့ထဲ ပါတယ်။

ဝင်တိုက်တဲ့တိုင်းရင်းသားတပ်ဖွဲ့တို့ဘက်က သူတို့တပ်ဖွဲ့တွေကို တပ်မတော်က တောထဲမှာ ထိုးစစ်ဆင်တိုက်နေတာကြာပြီဖြစ်လို့ ဒါကို အများသိအောင် သူတို့တပ်ဖွဲ့တို့ဘက်က မြို့ပေါ်တက် တိုက်ပြတာဖြစ်တယ်။ ပြောက်ကျားနည်းနဲ့ ဆက်လက်တိုက်ခိုက်သွားမယ်။ တပ်မတော်ဘက်က သူတို့ တပ်ဖွဲ့တို့အပေါ် ထိုးစစ်မရပ်မချင်း ဆက်တိုက်မယ့်သဘော ပြောတယ်။ အစိုးရနဲ့ တပ်မတော်ဘက်က အတိုက်ခံလိုက်ရတဲ့ စခန်းတွေ လုံခြုံရေးပြန်ယူမယ်။ လာတိုက်တဲ့ တပ်ဖွဲ့တွေ ကို ပြန်လည်တိုက်ခိုက်မယ်။ ဒေသခံတွေ လုံခြုံအောင် လုပ်ဆောင်မယ်လို့ ထုတ်ပြော ပါတယ်။ ဒီနေရာမှာ တခုထူးတာက အစိုးရက မကြာသေးခင်ကမှ ဖွဲ့လိုက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီဟာ တိုက်ပွဲသတင်းကို အလျင်အမြန်ထုတ်တယ်။ ပြောရေးဆိုခွင့် ရှိသူက မီဒီယာကို ပြောစရာရှိတာ ထွက်ပြောတယ်။ ဒီ့အတွက် ဒေသခံလူထု အပါအ၀င် လုထု တရပ်လုံးဟာ တရုတ်-မြန်မာ နယ်စပ်မှာ ဘာဖြစ်နေတယ်။ အစိုးရနဲ့တပ် ဘယ်လိုတွေ လုပ်ဆောင် နေတယ်ဆိုတာကို အချိန်နဲ့ တပြေးညီ ဆိုသလို သိခွင့်ရတယ်။ လုပ်စရာရှိတာ လုပ်ကြဖို့ အခွင့်အရေးရကြတယ်။ ဒီအချက်ဟာ အဆိုးထဲကအကောင်းမို့ အထူးတလည် မှတ်တမ်းတင် ရေးတာဖြစ်တယ်။ မူဆယ်ဒေသဘက်ကို ၀င်တိုက်တဲ့ ဒေသခံ တိုင်းရင်းသားတပ်ဖွဲ့တွေကို ကြည့်လိုက်ရင် တနိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးသေးတဲ့ တပ်ဖွဲ့တို့ဖြစ်သလို ဒီတပ်ဖွဲ့ တို့ကို ပြီးခဲ့တဲ့အစိုးရက လက်မှတ်ထိုးဖို့ ကန့်ကွက်ငြင်းဆန်ခဲ့တဲ့ တပ်ဖွဲ့တို့ဖြစ်နေတာလည်း တွေ့ရတယ်။

တခါ အဲဒီတပ်ဖွဲ့ ၄ ခုထဲ ၂ခုက မကြာသေးခင်နှစ်တွေကမှ ဖွဲ့ခဲ့တဲ့ တအန်းပလောင်နဲ့ အေအေ ရခိုင် လက်နက်ကိုင်တပ်ဖွဲ့တို့ဖြစ်တယ်။ MNDAA ကိုးကန့်တပ်ဖွဲ့ကတော့ ၂၀၁၅ ခုနှစ်အတွင်း တပ်မတော်နဲ့ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပြီး ဒီတပ်ဖွဲ့အပေါ် အစိုးရနဲ့ တပ်မတော်က လက်နက်ချဖို့ ပြောထားတာဖြစ်တယ်။ KIA ကချင်အဖွဲကတော့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ခုထဲ အင်အားကြီးတဲ့ ၀ါရင့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး တအန်းပလောင်နဲ့ အေအေ ရခိုင့်တပ်တို့ကို မွေးထုတ်ခဲ့တဲ့အဖွဲ့လို့ နာမည်ကြီးတယ်။ အခု မူဆယ်ကို ၀င်တိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၄ ခုစလုံးဟာ တရုတ်နယ်စပ်မှာ အခြေပြုထားကြပြီး တရုတ်အစိုးရနဲ့ မကင်းတဲ့ တပ်ဖွဲ့တို့လည်းဖြစ်နေတာမို့ ဒီအရေးမှာ အိမ်နီးချင်း အင်အားကြီးနိုင်ငံတခု ပါဝင်ပတ်သက်နေတယ်လို့လည်း ပြောလို့ရတယ်။ မူဆယ်ဘက်ခြမ်း တိုက်ပွဲကြောင့် တရုတ်နိုင်ငံထဲကို နယ်စပ်မှာ နေထိုင်သူတချို့ ထွက်ပြေးခိုလှုံလာကြောင်း ရန်ကုန်က တရုတ်သံရုံးက ကြေညာချက်တစောင်ထုတ်ပြန်ခဲ့တယ်။ ဒါ့အပြင် အခြေအနေကို တရုတ်အစိုးရက အနီးကပ် စောင့်ကြည့်နေပြီး တရုတ်-မြန်မာ နယ်စပ်ဒေသ ပြန်လည် တည်ငြိမ်စေဖို့အတွက် သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံး အပစ်အခတ်ချက်ချင်း ရပ်စဲနိုင်အောင် လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့တယ်။ တိုက်ပွဲအတွင်း တရုတ်နိုင်ငံထဲကို အမြောက်ဆံတွေကျခဲ့ပြီး ယူနန်နယ်ထဲက နယ်စပ်မှာ အရေးပေါ် အခြေနေ တုန့်ပြန်ရေးအတွက် ရဲတွေတိုးမြှင့်ချထားသလို လုံခြုံရေး အဆင့်မြှင့်ထားတယ်လို့လည်း သိရပါတယ်။

အန်အယ်လ်ဒီအစိုးရသစ်လက်ထက် ညီနောင်တိုင်းရင်းသား မဟာမိတ်တပ်ဖွဲ့တို့ရဲ့ ပထမဆုံးထိုးစစ်နဲ့ တိုက်ပွဲခေါ်သံဖြစ်ပြီး အင်မတန်စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်။ နိုင်ငံ အနောက်ပိုင်း ရခိုင်ဒေသမှာ အစိုးရနဲ့ တပ်မတော်ရင်ဆိုင်ဖြေရှင်းနေရတဲ့ အင်မတန် သိမ်မွေ့နက်နဲ တဲ့ ပဋိပက္ခမီး မငြိမ်းခင် နိုင်ငံမြောက်ပိုင်းဒေသက ထတောက်လာတဲ့ စစ်မီးလည်းဖြစ်တယ်။ ဒီစစ်မီးကလည်း တအုံနွေးနွေးအခြေအနေကနေ ထတောက်ခဲ့တဲ့ စစ်မီးဖြစ်ပြီး နှစ်ဘက်တိုက်ပွဲ တွေ ကျယ်ပြန့်မလာအောင် ထိန်းသိမ်းကိုင်တွယ်လုပ်ဆောင်ကြရမှာဖြစ်တယ်။ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးကြသေးတဲ့ ယူအန်အက်ဖ်စီခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီဘက်ကတော့ နှစ်ဘက်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဆက်သွားဖို့ ထုတ်ပြောနေပေမယ့် အခု မြောက်ပိုင်းစစ်မီးအရှိန်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သေချာပေါက် ထိခိုက်ပြီဖြစ်တယ်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ဘက်က သူတို့တပ်ဖွဲ့တွေကို တပ်မတော်က ထိုးစစ်ဆင် တိုက်နေတာအား အစိုးရက လျစ်လျူရှုထားတယ်လို့ မြင်နေတယ်။ ဒါကြောင့် အခု မြို့ပေါ် တိုက်ပွဲဆင်နွှဲပြီး အစိုးရကို စိန်ခေါ်လိုက်တာပဲဖြစ်တယ်။ တနည်းပြောရရင် အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အယုံအကြည် မရှိတဲ့အကြောင်း ထုတ်ဖော်ပြသလိုက်တာပဲ ဖြစ်တယ်။

မြန်မာပြည်မှာ ပြသနာတွေများတဲ့ထဲ အနာဆွေးတခုလိုအမြစ်တွယ်နေတဲ့ ပြည်တွင်းစစ် ပြဿနာက အကြီးဆုံးပြသနာတခုဖြစ်ပြီး အစိုးရအဆက်ဆက် မဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာကြီး တခုလည်း ဖြစ်တယ်။ နှစ်ပေါင်း ၇၀ လောက်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မီးဟာ အခုအချိန်ထိ မငြိမ်းနိုင်သေးဘဲ တငွေ့ငွေ့လောင်ကျွမ်းနေတုန်းဖြစ်ပြီး တိုင်းပြည်လည်းဆင်းရဲတွင်းထဲ နစ်သထက် နစ်နေပြီ ဖြစ်တယ်။ ဒီအချက်ကို အစိုးရအဆက်ဆက် ခေါင်းဆောင်တွေရော တိုင်းရင်းသားတော်လျန်ရေး လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တွေပါ ရေလည်သိရှိပြီး ဖြေရှင်းနိုင်ဖို့ ဆွေးနွေး တိုင်ပင်နေတဲ့ ကြားကပဲ စစ်မီးက ဆက်လက် လောင်ကျွမ်းမြဲ လောင်ကျွမ်းဆဲဖြစ်တယ်။ ဘာကြောင့်လည်း အဖြေရှာကြည့်ရင်တော့ ကြောင်းကျိုးပေါင်းများစွာရှိနေပြီး ဒီထဲ လူတွေရဲ့ အတ္တ က ရှေတန်းက ပါတယ်။ ငါ့လူမျိုး ငါ့အဖွဲ့အစည်း စတဲ့စတဲ့အကျိုးစီးပွားတွေနဲ့ ယှဉ်ပြီးပြောဆို လုပ်ကိုင်နေသေး သရွေ့ ဒီစစ်မီးငြိမ်းဖို့ မမြင်။ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့တာ နှစ်ပေါင်း ၇၀ လောက် ရှိခဲ့ပြီ။ နောက်ထပ်ဘယ်လောက်ကြာဦးမှာလည်းမေးရင် အခုအချိန်ထိ အဖြေမရှိသေး။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့အောက်တိုဘာ ၁၅ ရက် အပစ်ရပ်စာချုပ် အန်စီအေ တနှစ်ပြည့် အခမ်းအနားမှာ တိုက်ခိုက်နိုင်ခြင်းအရည်အချင်းကို ပြိုင်မယ့်အစား မီးငြိမ်းအောင်လုပ်နိုင်မယ့် အရည်အချင်းကို ပြိုင်ကြဖို့ ပြောခဲ့တယ်။ အခုကတော့ ဘာပြိုင်ကြမှာလည်းမေးရင် တိုက်ခိုက်နိုင်ခြင်းအရည်အချင်း ပြိုင်နေကြတယ်လို့ပဲ ပြောရတော့မယ်။

ကိုရွှေအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013