Homeမြန်မာသတင်း
တရုတ်နိုင်ငံထဲကျခဲ့သည့် လက်နက်ကြီးကျည်များ KIA နှင့် MNDAA ပစ်ခဲ့ဟု တပ်မတော် သတင်းထုတ်
တရုတ်နိုင်ငံထဲကျခဲ့သည့် လက်နက်ကြီးကျည်များ KIA နှင့် MNDAA ပစ်ခဲ့ဟု တပ်မတော် သတင်းထုတ်
DVB
·
November 24, 2016

တရုတ်နိုင်ငံဘက်ကို ကျရောက်ခဲ့တဲ့ လက်နက်ကြီးကျည်များဟာ KIA နှင့် MNDAA အကြမ်းဖက်သောင်းကျန်းသူများက နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
တရုတ်စစ်တပ်ဘက်က သူတို့ နိုင်ငံထဲ လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး တရုတ်နိုင်ငံသားတဦး ဒဏ်ရာရရှိခဲ့တဲ့အကြောင်း မြန်မာဘက်ကို အကြောင်းကြားစာပေးပို့ခဲ့ပြီး မြန်မာက စိစစ်တွေ့ရှိချက်အရ အခုလို တပ်မတော်က သတင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ၀မ်တိန်နှင့် မန်ဟိုင်းဒေသအတွင်းသို့ မြန်မာနိုင်ငံဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၀မ်တိန်ဘက်သို့ ၁၁ လုံး၊ မန်ဟိုင်းဘက်သို့ ၂ လုံး၊ စုစုပေါင်း ၁၃ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်။
ဒါနဲ့ ပတ်သက်လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ တယ်ဟုန်တိုင်း အခြေချနယ်စပ် ကာကွယ်ရေးတပ်ဖွဲ့က အကြောင်းကြားစာပေးပို့ခဲ့တယ်။
တရုတ်နိုင်ငံဘက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတယ်လို့ အကြောင်းကြား စာပေးပို့လာတဲ့ ၀မ်တိန်ဒေသဟာ မြန်မာနိုင်ငံ၊ ကြူကုတ်(ပန်ဆိုင်း)မြို့ နှင့်လည်းကောင်း၊ မန်ဟိုင်းဒေသဟာ မြန်မာနိုင်ငံ၊ မုံးကိုးမြို့နှင့်လည်းကောင်း နယ်နိမိတ်ချင်းထိစပ်နေသော နေရာများဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ကြူကုတ်(ပန်ဆိုင်း)နှင့် မုံးကိုးမြို့များရှိ တပ်စခန်းနဲ့ ရဲစခန်းများကို နိုဝင်ဘာ ၂၀ ရက်က KIA နှင့် MNDAA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး/ လက်နက်ငယ်များနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။
“တရုတ်နိုင်ငံအတွင်းသို့ ကျည်ကျရောက်ပေါက်ကွဲမှုအား စိစစ်ချက်အရ တပ်နှင့်ရဲစခန်းနေရာများ သို့ အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် အရှေ့တောင်ဘက်၊ တောင်ဘက်နှင့် အနောက်တောင်ဘက်တို့မှ အနောက်မြောက်ဘက်၊ မြောက်ဘက်နှင့်အရှေ့မြောက်ဘက်သို့ ဦးတည်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး မိမိလုံခြုံရေးစစ်သည်များက တောင်ဘက်၊ အရှေ့တောင် ဘက်နှင့် အနောက်တောင်ဘက် အကြမ်းဖက် သောင်းကျန်းသူများ ရှိသည့်နေရာများသို့ ဦးတည် ပြန်လည်ပစ်ခတ်ခြင်းဖြစ်ကြောင်း တွေ့ရှိရတယ်။”
ပစ်ခတ်တိုက်ခိုက်မှု ဦးတည်ချက်များအရ ၀မ်တိန်ဒေသနှင့်မန်ဟိုင်းဒေသ လက်နက်ကြီးကျည် ၁၃ လုံး ကျရောက်ပေါက်ကွဲခြင်းမှာ KIA နှင့် MNDAA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များရဲ့ နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရတယ် လို့ တပ်သတင်းက ဆိုပါတယ်။
အဲ့ဒီ စိစစ်တွေ့ရှိချက်ကို မြန်မာ့တပ်မတော် နယ်စပ်ဒေသကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ အဖွဲ့ခေါင်းဆောင်က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ တယ်ဟုန်တိုင်း အခြေချ နယ်စပ် ကာကွယ်ရေးတပ်ဖွဲ့သို့ ပေးပို့ခဲ့ပြီးလည်း ဖြစ်ပါတယ်။