DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်မြို့တွင် နေရပ်စွန့်ခွာလာသူများအတွက် ယာယီခိုလှုံရေးစခန်း ဖွင့်လှစ်
DVB
·
November 22, 2016
ဘူးသီးတောင်မြို့တွင် နေရပ်စွန့်ခွာလာသူများအတွက် ယာယီခိုလှုံရေးစခန်း ဖွင့်လှစ်
1 / 6
Donate to DVB

ဘူးသီးတောင်မြို့ကို ရောက်ရှိနေတဲ့ မောင်တောမြို့နယ်ထဲက နေရပ်စွန့်ခွာလာသူတွေကို မြို့နယ် စီမံခန့်ခွဲမှု ကော်မတီက အလိုတော်ပြည့်ကျောင်းမှာ ယာယီခိုလှုံရေးစခန်း ဖွင့်လှစ်ပြီး တာဝန်ယူစောင့်ရှောက်နေပါတယ်။

အောက်တိုဘာ ၉ ရက်နေ့နောက်ပိုင်းက ရောက်ရှိလာပြီး နေရပ်ကိုလုံးဝမပြန်သေးပဲ ကျန်ရှိနေ တဲ့ မိသားစုတွေနဲ့ နိုဝင်ဘာ ၁ဝ ရက်နေ့ကစပြီး ၂၂ ရက်နေ့ထိ ရောက်ရှိလာကြတဲ့ မိသားစု စုစုပေါင်း ၃၆ ခုက လူဦးရေ ၁၂၅ ဦးကို ဘူးသီးတောင်မြို့ အလိုတော်ပြည့် ကျောင်းဝင်းထဲက အဆောင်နှစ်ဆောင်မှာ နေရာချထားပေးပြီး ယာယီခိုလှုံဖို့ စီစဉ်ဆောင်ရွက်ပေးထားတယ်လို့ ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်လတ်က ဒီဗွီဘီကို ပြောပါတယ်။

“လောလောဆယ် သူတို့အတွက် ဆန်တစ်ပတ်စာ၊ ဆီ၊ ငါးခြောက်၊ ကြက်ဥ၊ ပဲ တွေ ထုတ်ပေး ထားပါတယ်။ အလှူရှင်တွေလာလှူတဲ့ ပစ္စည်းတွေမှန်သမျှကိုလည်း သူတို့ကို ခွဲဝေပေးဖို့ စီမံ ဆောင်ရွက်ပေးသွားမှာပါ။ ကျန်းမာရေးဆေးခန်းလုပ်ပေးထားတယ်။ ရဲတပ်ဖွဲ့ကလည်း လုံခြုံရေး စောင့်ကြပ်ပေးထားပါတယ်။ နယ်မြေအေးချမ်းလို့ ပြန်ချင်ရင်လည်း အချိန်မရွေး ပြန်နိုင်အောင် ကူညီပေးပါမယ်။ ဆက်ပြီးနေချင်ရင်လည်း လက်ခံပြီးတော့ စားဝတ်နေရေး အဆင်ပြေအောင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီက အစွမ်းကုန်ဆက်ပြီးတော့ စီစဉ်ဆောင်ရွက်ပေးဖို့ ရှိပါတယ်။” လို့ ဒီဗွီဘီကိုပြောပါတယ်။

အခုရောက်ရှိနေကြသူတွေဟာ မောင်တောမြို့နယ်မြောက်ပိုင်းက ဖားဝပ်ချောင်း၊ အောင်မင်္ဂလာ၊ အောင်သာယာ၊ ပြားသား၊ စံပါယ်ပင်ရင်း၊ ရွက်ညိုတောင်စတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ နီးတဲ့နေရာတွေက ဖြစ်ပြီး သူတို့တွေရဲ့ ပုံမှန်စားဝတ်နေရေးလုပ်ကိုင်လို့ မရနိုင်တဲ့အတွက် ခိုလှုံလာကြတာပါ။ နိုဝင်ဘာ ၂၁ ရက်နေ့ထိ ဘူးသီးတောင် လူမှုကူညီရေးအဖွဲ့တွေက သုဓမ္မာရုံ ကျောင်းတိုက်မှာ ကူညီပေးထားခဲ့ပြီး လူများလာတဲ့အတွက် နေထိုင်ရေးအခက်အခဲဖြစ်လာလို့ အလိုတော်ပြည့်ကျောင်းမှာ တစုတည်း ခိုလှုံနေနိုင်ဖို့ အစိုးရက ကူညီပေးတာပါ။

လောလောဆယ် ဆောင်းရာသီဝင်ရောက်လာပြီး ရာသီဥတုချမ်းအေးလွန်းတဲ့အတွက် သူတို့မှာ စောင်၊ အနွေးထည်စတာတွေ အရေးပေါ်လိုအပ်ချက်တွေကို ဝိုင်းဝန်းကူညီဖို့လိုအပ်နေပါတယ်။

မိသားစုများလို့ စောင်မလောက်တာ၊ အနွေးထည်အလုံအလောက်မပါတာ၊ ဒီကပေးထားတဲ့ စောင်အထည်တွေကလည်း ပါးတယ်ဆိုတော့ ဒါတွေကို အရေးတကြီးကူညီပေးဖို့လိုတယ်။ နောက်ပြီး အပျိုအရွယ် မိန်းကလေးတွေလည်း ပါတယ်ဆိုတော့ သူတို့တွေအတွက် လုံလုံခြုံခြုံ နေနိုင်ဖို့လည်း နေရာသီးသန့် လုပ်ပေးဖို့လိုတယ်။ ကျွန်တော်တို့လည်း လုပ်ပေးဖို့ရှိတယ်။ ဒါပေမယ့်လည်း အားလုံးတော့ မတတ်နိုင်ဘူးလေ တခြားအဖွဲ့တွေလည်း ပါဝင်ကူညီကြမယ် ဆိုရင်တော့ ကောင်းမယ်လို့ ကူညီပေးနေတဲ့ Water Donor Association Buthidaung က လူငယ် ကိုအောင်သူရထွန်းကပြောပါတယ်။

မောင်တောမြို့နယ်ထဲမှာ အကြမ်းဖက်တိုက်ခိုက်ခဲ့သူတွေနဲ့ ပျောက်ဆုံးလက်နက်တွေ ရှာဖွေတဲ့ စစ်ဆင်ရေးကာလ ရက်ပေါင်းလေးဆယ်ကျော် ရှိလာတဲ့အထိ နောက်ထပ်တိုက်ခိုက်မှုတွေ ရှိနေသေးသလို လက်နက်အားလုံးလည်း ပြန်မရနိုင်ပဲရှိနေပါသေးတယ်။ ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ နေရာတွေကိုတော့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ သတင်းမီဒီယာတွေ သွားရောက်နိုင်ဖို့ အခက်အခဲရှိနေဆဲပါ။
သတင်း ဓာတ်ပုံ ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013