
ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်မြေ (၈) နှာခေါင်းတို နယ်ခြားစောင့် ရဲကင်းစခန်း ခြံစည်းရိုးအနီးကို မနေ့ည သန်းခေါင်းကျော်အချိန်က မသင်္ကာဖွယ် လူတစ်စု ချဉ်းကပ်လာလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်ခဲ့ရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
ရဲစခန်းကို ချဉ်းကပ်လာသူတွေ ဆုတ်ခွာသွားပြီးနောက် မနက်ပိုင်းမှာ စခန်းဝန်းကျင်အနီး ရှင်းလင်းစဉ် ရင်ဘတ် ကျည်ထိမှန် ဒဏ်ရာနဲ့ သေဆုံးနေသူတစ်ဦးအား တွေ့ရှိရ တယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် ဘူးသီးတောင်မြို့နယ် သေကံ ကျေးရွာမှာ အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲက ၀င်ရောက်ရှင်းလင်းရာ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပါဝင်သူလို့ သံသယရှိတဲ့ အဒူကာဒီ ၆၁ နှစ် အပါအ၀င် ၁၀ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သိရပါတယ်။











