DVB Logo
Home
မြန်မာသတင်း
သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတဦး ထားဝယ်တွင် အသတ်ခံရ
DVB
·
November 22, 2016
သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတဦး ထားဝယ်တွင် အသတ်ခံရ
Donate to DVB

ထားဝယ်မြို့နယ် လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ရေးတက်ကြွလှုပ်ရှားသူ နော်ချစ်ပန်းတိုင် သတ်ဖြတ်ခံရမှုဟာ ဒေသတွင်းလုံခြုံရေးနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေတွက် စိုးရိမ်စရာဖြစ် တယ်လို့ ထားဝယ် ဒေသအရပ်ဘက်အဖွဲ့စည်းတွေက ပူးတွဲကြေညာလိုက်ပါတယ်။

ထားဝယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း တခု ဖြစ်တဲ့ တာကပေါအဖွဲ့ဝင်ဖြစ်သလို လက်ရှိမှာ မြေမြှုပ်မိုင်းအန္တရာယ်အကြံပေး အဖွဲ့(MAG)မှာ တာဝန်ထမ်းဆောင်နေတဲ့ နော်ချစ်ပန်းတိုင်ဟာ နိုဝင်ဘာ ၁၉ရက်ညက ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်းမှာ ဂီတအစည်းအရုံးရန်ပုံငွေ အဆိုပြိုင်ပွဲကျင်းပစဉ် ရက်စက်စွာသတ်ဖြတ်ခံခဲ့ရတာပါ။

ဒီသတ်ဖြတ်မှုဟာ သာမန်သတ်ဖြတ်မှုမဟုတ်ဘဲ သူလုပ်ဆောင်နေတဲ့ လုပ်ငန်းကြောင့် သတ်ခံရ တာလို့ ယူဆကြောင်း ထားဝယ်အမျိုးသမီးသမဂ္ဂက မယ်စုစုဆွေက ပြောပါတယ်။

“သူက အဖွဲ့အစည်းတွေနဲ့အလုပ်လုပ်တာ ကြာပြီရှင်။ သူက တာကပေါ်လို့ခေါ်တဲ့ ကရင်ဖွံ့ဖြိုးရေး အဖွဲ့ပေါ့နော်။ သူက သဘာဝပတ်ဝန်းကျင်ဆိုင်ရာတွေ၊ မြေသိမ်းတဲ့ကိစ္စတွေ၊ နောက်တခုက ကျောက်မီးသွေး ဆန့်ကျင်ရေးလုပ်ငန်းတွေလုပ်တဲ့အဖွဲ့မှာ သူက လုပ်တာပေါ့နော်။ အဓိက က တော့ လူ့အခွင့်အရေးထောက်ခံလှုပ်ရှားသူ တယောက်ဖြစ်တယ်ဆိုတော့ သူ့အလုပ်နဲ့သူ့ကို အဲလိုမျိုးဖြစ်စေတယ်။ တခြားကိစ္စနဲ့ဆိုရင် အဲလောက်ထိ သတ်စရာ အကြောင်းမရှိဘူးလို့ ကျမတို့ အရပ်ဖက်အဖွဲ့ အစည်းတွေက ကောက်ချက်ချတာပေါ့နော်။”

ထားဝယ်မှာ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေအနေနဲ့ လုံခြုံမှုမရှိ တာကိုခံစားနေရတာကြာခဲ့ပြီဖြစ်ပေမယ့် အခုလို အသက်အန္တရာယ်ရှိလာတာဟာ ဒါပထမဆုံး အကြိမ်ဖြစ်တယ်လို့လည်း မယ်စုစုဆွေက ပြောပါတယ်။

“ကျမတို့ဒီ လူ့အခွင့်အရေးလှုပ်ရှားသူတွေအတွက်ကတော့ လုံခြုံမှုမရှိဘူးဆိုတာစိတ်ထဲ ခံစားနေ ရာတာကတော့ ကြာခဲ့ပြီပေါ့။ ဒါပေမယ့် ဒီလောက်ထိအသက်အန္တရာယ်ဖြစ် လာတဲ့အထိတော့ မရှိသေးဘူးပေါ့။ ဒီတခါကတော့ ထားဝယ်ဒေသမှာ ပထမဆုံး အသတ်ခံရတာဖြစ်တယ်။ ကျမတို့ ထားဝယ်အမျိုးသမီးသမဂ္ဂအဖွဲ့ဝင်တွေဆိုရင်လည်း အရင်တုန်းက နယ်ဘက်ကို သွားမယ်ဆိုရင် တချို့အာဏာပိုင်တွေနဲ့ တချို့လူတွေပေါ့နော်။ ဥပမာ ကျောက်မီးသွေးဆန့်ကျင်ရေး ကျမတို့ ဆွေးနွေးပြောဆိုတယ်ဆိုရင် တချို့အာဏာပိုင်တွေ၊ တချို့ ကုမ္ပဏီတွေကနေ ပြီးတော့မှ ကျမတို့ အဖွဲ့ဝင်တွေကို ဘယ်လောက်ထိခြိမ်းခြောက်လဲဆိုရင် မုဒိမ်းကျင့် သတ်မယ်လို့ ပြောတဲ့ အထိခံခဲ့ရ တာမျိုးတွေရှိတယ်။”

နော်ချစ်ပန်းတိုင် သတ်ဖြတ်ခံရမှုကို အမှုမှန်ပေါက်ပေါက်ရေး အမြန်ဆုံး ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရကိုရော တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုပါ ထားဝယ်ဒေသရှိ အရပ်ဘက်အဖွဲ့အစည်း ၂၀ကျော်က ပူးပေါင်း တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013