DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် တညတွင်း ဘိန်းမဲ ၃ နေရာ ဖမ်းမိ
DVB
·
November 22, 2016
ကလေးမြို့တွင် တညတွင်း ဘိန်းမဲ ၃ နေရာ ဖမ်းမိ
Donate to DVB

နိုဝင်ဘာလ ၂၁ ရက်နေ့ ညက ခရိုင်မှုခင်းကျဆင်းရေးတပ်ဖွဲ့နဲ့ နယ်ထိန်းအဖွဲ့တို့ပေါင်းပြီး သတင်းအရ မူးယစ်ဆေးရှိရာ နေရာတွေကို ၀င်ရောက်ရှာဖွေခဲ့ရာ ကျေးရွာ ၃ ရွာမှ ဘိန်းမဲတွေနဲ့ အတူ အမျိုးသား ၃ ဦးကို ဖမ်းဆီး နိုင်ခဲ့တယ်လို့ ကလေးမြို့မ ရဲစခန်းက သိရပါတယ်။

“ကျနော်တို့သတင်းအရ ည ၉ နာရီလောက်မှာ ပထမဆုံး ကလေးတောင်ဘက် ၇ မိုင်လောက် ဝေးတဲ့နေရာကို သွားတယ်။ သတင်းရတဲ့အိမ်က ရွာအပြင်ဘက် လယ်တောထဲမှာပါ။ ည ချဉ်းကပ်ရတော့ မီးလည်း မသုံး အမှောင်ထဲမှာ လယ်ကွင်းကလည်း ရွံ့တွေနဲ့ ခက်ခက်ခဲခဲနဲ့ သတင်းရတဲ့အိမ်ကို ၀င်ခဲ့တယ်။ အဲ့ဒီအိမ်မှာ မိတယ်။ နောက် အဲ့ဒီအိမ်ကလူကို ဆက်ပြီး မေးတော့ သူဝယ်တဲ့ သူကို ညွှန်းတာနဲ့ နောက်ထပ် ချက်ခြင်းပဲ နောက်တစ်ရွာက ရောင်းတဲ့ သူကို သွားဖမ်းတယ်။ အဲ့ဒီမှာလည်း ပစ္စည်းတွေ့တာနဲ့ ပစ္စည်းနဲ့အတူ အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့တယ်”လို့ ခရိုင် မှုခင်းနှိမ်နှင်းရေးတပ်ဖွဲ့ခေါင်းဆောင် ရဲအုပ်သီဟက ပြောပါတယ်။

ဖမ်းဆီးချိန် ည ၉ နာရီလောက်ကနေ ၁၂ နာရီလောက်အထိ မူးယစ်ဆေးဝါး သတင်းအရ ကျေးရွာ ၂ ရွာက ပစ္စည်းနဲ့အတူ အမျိုးသား နှစ်ဦးကို ဖမ်းဆီးမိခဲ့ပြီး မနက်လင်းပိုင်း (၆) နာရီခန့်မှာ ကလေးမြို့ မြောက်ဘက် ၁၀ မိုင်လောက်အကွာက ကျေးရွာတရွာကိုပါ သတင်းအရ သွားရောက်ရှာဖွေခဲ့ပြီး ဘိန်းမဲတွေနဲ့အတူ အမျိုးသားတဦးကို ဖမ်းဆီးခဲ့ပါတယ်။

“ညက နောက်ဆုံးမိတဲ့ လူက ပစ္စည်းပမာဏ များတယ်။ အားလုံးပေါင်း ဘိန်းမဲ (၃၀၆) ဂရမ်ကို ပိုင်ရှင်နဲ့အတူ ဖမ်းဆီးခဲ့တယ်” လို့ ကလေးမြို့မ ရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ်က ပြောပါတယ်။

ဘိန်းမဲမူးယစ်ဆေးဝါးတွေကို ကလေးမြို့နယ်တောင်ဘက် ထောက်ကြန့်ရွာအရှေ့တဲ၊ သာယာကုန်းကျေးရွာ၊ ကလေးမြောက်ပိုင်း ကန်သာယာကျေးရွာတွေကနေ ဖမ်းဆီး သိမ်းယူခဲ့ တာဖြစ်ပြီး ပစ္စည်းနဲ့အတူ အမျိုးသား ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ရောင်သူတဦးလို့ သတင်းရသူ တဦးကတော့ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။

ဘိန်းမဲမူးယစ်ဆေးနဲ့အတူ ဖမ်းဆီးခံထားရသူတွေကတော့ ထောက်ကြန့်ရွာနေ မုတ်ဆိန်(ခ) ဖိုးသား၊ သာယာကုန်းရွာနေ မျိုးနိုင်ဦး၊ ကန်သာယာကျေးရွာနေ စောလူတို့ဖြစ်ပြီး လွတ်မြောက် နေသူကတော့ သာယာကုန်းရွာမြောက်ဘက်လယ်တဲနေ ဦးရာကျော်တို့ ဖြစ်ပါတယ်။

ကလေးမြို့မ ရဲစခန်းအနေနဲ့ ၂၀၁၆ ခုနှစ် ဇန်န၀ါရီကနေ နိုဝင်ဘာလ ၂၂ ရက်နေအထိ မူးယစ်ဆေးဝါးအမှုပေါင်း ၁၃၄ ကြိမ်အထိ ဖမ်းဆီးနိုင်တယ်လို့သိရပါတယ်။
သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013