DVB Logo
Home
မြန်မာသတင်း
နမ့်ပေါ်ချောင်း ရဲကင်းတိုက်ခိုက်ခံရမှု ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့်စစ်သည် ၁ ဦး ကျဆုံး
DVB
·
November 21, 2016
နမ့်ပေါ်ချောင်း ရဲကင်းတိုက်ခိုက်ခံရမှု ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့်စစ်သည် ၁ ဦး ကျဆုံး
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်တွင်း မနေ့က တိုင်းရင်းသားလက်နက်ကိုင်တွေ ပူးပေါင်း ၀င်ရောက်တိုက်ခိုက်မှုမှာ ၁၀၅ မိုင်အနီး နမ့်ပေါ်ချောင်း ရဲကင်းက ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ တပ်မတော်သား ၁ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ရှမ်းပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့ ရဲမှူးကြီးအောင်မြတ်မိုးက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးပြီး ၉ ဦး ဒဏ်ရာရပါတယ်။ တပ်မတော်သားက တဦး ကျဆုံးတယ်၊ နမ့်ပေါ်တံတားဖြစ်စဉ်မှာပါ။ ရဲတပ်ဖွဲ့ဝင်ဘက်က လက်နက် ၈ လက်ဆုံးရှုံးပြီး တပ်မတော်ဘက်က လက်နက်တစ်လက် ဆုံးရှုံးပါတယ်ခင်ဗျ။ အရပ်သားတွေကတော့ ဒဏ်ရာ ရတာ ၁၇ ယောက်၊ သေဆုံးတာက ၄ ယောက်ပါ။ ရဲစခန်းတွေ ရဲကင်းတွေ ကျည်ဆန်ထိပြီး အမိုးပျက်စီးတာတွေ ရှိပါတယ်။”

နမ့်ပေါ်တံတားရဲကင်းက ရဲတပ်ဖွဲ့ အင်အား ၂၀ လောက်ကို မနေ့ မနက် ၈ နာရီကျော်မှ ၉ နာရီကျော်ထိ တိုင်းရင်းသားပူးပေါင်းလက်နက်ကိုင်တွေက အင်အား ၁၀၀ ကျော်နဲ့ လာတိုက်တာ ကြောင့်ခုလို ထိခိုက်ဒဏ်ရာရပြီး ကျဆုံးခဲ့ရတာလို့ မူဆယ်မြို့နယ်ရဲစခန်းက ပြောပါတယ်။

မနေ့က တိုက်ခိုက်ခံရတဲ့ ရဲကင်းတွေကတော့ မူဆယ်အထွက်မှာ တစ်နေရာ၊ နမ့်ပေါ်တံတား နားမှာတစ်နေရာ၊ ပန်ဆိုင်းရဲကင်းနဲ့ ၁၀၅ မိုင်ရဲကင်း စုစုပေါင်း ၄ နေရာဖြစ်ပြီး တိုက်ခိုက်ခံရတဲ့ တပ်မတော်စခန်းတွေကတော့ မုံးကိုး၊ ပန်ဆိုင်း နဲ့ ၁၀၅ မိုင်ရှိ စခန်းတွေ တိုက်ခိုက်ခံရတယ်လို့ ဆိုပါတယ်။

ဒီကနေ့မှာတော့ မုံးကိုး၊ ပန်ဆိုင်း၊ မူဆယ်တွေဘက်မှ တပ်မတော်က လာရောက် တိုက်ခိုက်သူတွေကို လိုက်လံနှိမ်နင်းနေတာကြောင့် ထိတွေ့ပစ်ခတ်မှု ရှိနေတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ၁၀၅ မိုင်စခန်းအနီးတ၀ိုက်က ပြည်သူတွေအားလုံး ဘေးလွတ်ရာကို တိမ်းရှောင်နေကြတာမှာ မူဆယ်မြို့ပေါ်မှာ ဒီကနေ့ထိ လူဦးရေ ၃၀၀၀ ကျော်ရှိပြီး ဘုန်းကြီးကျောင်း ၄ ကျောင်းမှာ နေရာချထားပေးတယ်လို့ ဂရုဏာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောပါတယ်။

“ဒုက္ခသည် ၃ ထောင်ကျော်ရှိတယ်ဗျ၊ သူတို့ကို ရွှေသမင်ကျေင်းတိုက်၊ နမ့်ခွန်ဘုန်းကြီးကျောင်း၊ ကမ္မဋ္ဌာန်းကျောင်းနဲ့ စွမ်ဆောင်ဘုန်းကြီးကျောင်း စတဲ့နေရာ ၄ ခုမှာ နေရာချထားပေးပါတယ်။ စားရေးသောက်ရေးကိစ္စကိုတော့ မူဆယ်မြို့သူမြို့သားတွေက လာလှူကြတယ်၊ အခုလိုအပ်နေ တာက အ၀တ်အစားနဲ့ စောင်တွေပေါ့။”

စစ်ရှောင်ထွက်ပြေးလာသူတွေဟာ ၁၀၅ မိုင်ပတ်လည် မိုင်းယု၊ မန့်မိုင်၊ နမ့်အွန် နဲ့ သီလရှင် ကျောင်းတိုက်တွေက ဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူနဲ့ ဒဏ်ရာရလူနာတွေကို ကူညီထောက်ပံ့လို တယ်ဆိုရင် ဂရုဏာလူမှုကူညီရေးအသင်း ၀၉ ၅၂၃၀ ၂၃၄ ကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီကနေ့ မူဆယ်မြို့အခြေအနေမှာတော့ ဈေးတွေနဲ့ အရောင်းအ၀ယ်တွေ ခြောက်ကပ်နေပြီး စာသင်ကျောင်းတွေ တရားဝင်ပိတ်ရတာ မရှိပေမယ့် မိဘအုပ်ထိန်းသူတွေ စိုးရိမ်ပြီး ကလေးတွေကို ကျောင်းမလွှတ်ဘူးလို့မြို့ခံတွေကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013