DVB Logo
Home
Lead Story
ယူကရိန်းနှင့် အမေရိကန် နိုင်ငံသားများအား ဖမ်းဆီးရန် အိန္ဒိယကို ရုရှားက သတင်းပေးခဲ့
DVB
·
March 23, 2026
Photo: National Investigation Agency (NIA)
Photo: National Investigation Agency (NIA)
Donate to DVB

ရုရှားထောက်လှမ်းရေးအေဂျင်စီရဲ့ သတင်းပေးချက်ကြောင့် အိန္ဒိယ-မြန်မာနယ်စပ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်သင်တန်းပေးနေတ​ယ်လို့ သံသယရှိတဲ့ ယူကရိန်းနိုင်ငံသား ၆ ယောက်နဲ့ အမေရိကန်နိုင်ငံသား တယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ အိန္ဒိယအခြေစိုက် The Federal News သတင်းမှာ ဖော်ပြပါတယ်။

အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) အနေနဲ့ ရုရှားထောက်လှမ်းရေးအဖွဲ့ဆီက ရရှိတဲ့ တိကျတဲ့ သတင်းအချက်အလက်ကို အခြေခံကာ အမေရိကန် လုံခြုံရေးကျွမ်းကျင်သူ မက်သရူး အာရွန် ဗန်ဒိုက်ခ်နဲ့ ယူကရိန်းနိုင်ငံသား ၆ ယောက်တို့ကို ဖမ်းဆီးနိုင်ခဲ့တာလို့ဆိုပါတယ်။

သူတို့ဟာ မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ကို ဒရုန်းစစ်ဆင်ရေး၊ ဒရုန်းတပ်ဆင်နည်းပညာဆိုင်ရာ စစ်ဆင်ရေးသင်တန်းတွေ ပေးဖို့ ရည်ရွယ်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက ယူဆထားတာပါ။

ဒီဖြစ်စဉ်မှာ ရုရှားထောက်လှမ်းရေးအေဂျင်စီက သူတို့နဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံသားတွေရဲ့ လှုပ်ရှားမှုကို နိုင်ငံတကာမှာ စောင့်ကြည့်နေပြီး အဆိုပါအဖွဲ့ရဲ့ ခရီးစဉ်အသေးစိတ်ကို အိန္ဒိယအာဏာပိုင်တွေဆီ ကြိုတင်အသိပေးခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

သူတို့ကို ဒေလီ၊ ကာလကတ္တားနဲ့ လတ်ခနောင်းလေဆိပ်တွေမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး လာမဲ့ မတ် ၂၇ ရက်အထိ ချုပ်ရက်ရမန်ပေးထားကြောင်း ဒေလီတရားရုံးကို ကိုးကားပြီး The Indian Express သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဒီဖမ်းဆီးမှုကို အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ လုပ်ဆောင်ခဲ့ကာ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ သူတို့အားလုံးဟာ ဗီဇာအစစ်အမှန်တွေနဲ့ အိန္ဒိယနိုင်ငံတွင်း ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မီဇိုရမ်ပြည်နယ်ဆီ သွားရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အေဂျင်စီကတော့ ဥရောပက ဒရုန်းအမြောက်အမြားကို အိန္ဒိယနိုင်ငံကနေတဆင့် မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီ တရားမဝင်တင်ပို့မှုတွေမှာ သူတို့ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲထားသလို သူတို့ဟာ မီဇိုရမ်ကနေတဆင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရှိထားရတယ်လို့ ပြောထားပါတယ်။

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ကောင်စစ်ဝန်နဲ့ တွေ့ဆုံခွင့်ပေးဖို့ အိန္ဒိယကို တောင်းဆိုထားတာပါ။

ကနဦးအချက်အလက်တွေအရ သူတို့ဟာ သွားရောက်ဖို့ ခွင့်ပြုချက်လိုတဲ့ မီဇိုရမ်ပြည်နယ်ထဲကို ခွင့်ပြုချက်မရှိဘဲ သွားရောက်မှုနဲ့ နယ်စပ်ဖြတ်ကျော်မှုတို့နဲ့ စွပ်စွဲခံထားရပါတယ်။

ယူကရိန်းဘက်ကတော့ သူတို့ဟာ တရားမဝင်လှုပ်ရှားမှုတွေမှာ ပါဝင်နေတယ်ဆိုတဲ့ အချက်က အထောက်အထားမရှိသေးဘဲ တချို့သော မီဒီယာတွေက လုပ်ကြံဖော်ပြနေတာလို့ ပြောထားပါတယ်။

လက်ရှိမှာတော့ ယူကရိန်းသံအမတ်က အိန္ဒိယဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံကာ ကန့်ကွက်လွှာ တင်သွင်းခဲ့သလို သူတို့ကို ချက်ချင်းပြန်လွှတ်ပေးဖို့  တောင်းဆိုထားပါတယ်။

လတ်တလောမှာတော့ အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က သူတို့ကို အိန္ဒိယရဲ့ အပြင်းထန်ဆုံး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားပြီး နိုင်ငံခြားသားများဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေနဲ့လည်း အရေးယူဖို့ ပြင် ဆင်နေတာပါ။

မြန်မာနိုင်ငံမှာတော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြင်းထန်တဲ့ ပြည်တွင်းစစ်ပဋိပက္ခတွေ ဖြစ်ပွားနေတာဖြစ်ပြီး လက်ရှိ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေမှာ သံချပ်ကာယာဉ်နဲ့ ဒရုန်းတွေကို အသုံးပြုနေတဲ့အထိ အရှိန်မြင့်တက်လာနေပါတယ်။

Source: The Federal News/The Indian Express

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013