DVB Logo
Home
Lead Story
မြန်မာတပ်မတော်က ထိုးစစ်ဆင်မှုပြင်းထန်လာလို့ လက်နက်ကိုင် ၄ ဖွဲ့ ပူးပေါင်းလှုပ်ရှားတာပါ - တာ့ဘုန်းကျော်
DVB
·
November 20, 2016
မြန်မာတပ်မတော်က ထိုးစစ်ဆင်မှုပြင်းထန်လာလို့ လက်နက်ကိုင် ၄ ဖွဲ့ ပူးပေါင်းလှုပ်ရှားတာပါ - တာ့ဘုန်းကျော်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုး၊ ပန်ဆိုင်း၊ ၁၀၅ မိုင် စတဲ့ဒေသတွေမှာ အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား ဒီနေ့မနက်ပိုင်းက တိုက်ပွဲအပြင်း အထန် ဖြစ်ပွားနေပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ)၊ ကချင်လွတ်လပ်ရေးတပ် (ကေအိုင်အေ)၊ ရက္ခိုင့်တပ်မတော် (အေအေ)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (အမ်အန်ဒီအေအေ) အစရှိတဲ့ အဖွဲ့ ၄ ဖွဲ့ ပူးပေါင်းပြီး ရှမ်းပြည်မြေက်ပိုင်း မူဆယ်ခရိုင်ထဲမှာ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တီအန်အယ်လ်အေ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာ့ဘုန်းကျော်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - ဒီကနေ့မနက်က ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ထဲမှာ တိုက်ပွဲတွေ တော်တော်ပြင်းထန်နေတယ်လို့ ပြည်သူတွေက ပြောပါတယ်။ အဓိက ဘယ်နေရာတွေမှာ ဖြစ်နေတာလဲရှင့်။

ဖြေ -  မူဆယ်ခရိုင်  ကြူကုတ်ပန်ဆိုင်း၊ မုံးကိုး တရုတ်နယ်စပ်ဘက်မှာပေါ့။

မေး - ဒီလိုပြင်းထန်တဲ့ တိုက်ပွဲတွေ ဘာကြောင့်ဖြစ်နေတာလဲ။

ဖြေ - အခု တိုက်ပွဲဖြစ်နေတာက ကျနော်တို့ တီအန်အယ်လ်အေရယ်၊ ကေအိုင်အေရယ်၊   ရခိုင် (အေအေ) နဲ့ ကိုးကန့် (အမ်အန်ဒီအေအေ) တို့ ၄ ဖွဲ့ ပူးပေါင်းစစ်ရေးလှုပ်ရှားမှုပါ။

မေး - ဘာကြောင့်မို့လို့ ဒီလိုရုတ်တရက် ပြင်းပြင်းထန်ထန်လှုပ်ရှားနေကြတာလဲရှင့်။

ဖြေ - အဓိကကတော့ အခုကျနော်တို့ တိုင်းရင်းသားနယ်မြေထဲမှာ ကချင်နယ်မြေရော၊ ကျနော်တို့ နယ်မြေရော၊ ကျန်တဲ့အဖွဲ့နယ်မြေတွေရော မြန်မာ့တပ်မတော်က တောထဲမှာ ကျနော်တို့ကို ထိုးစစ်ဆင် ပိုက်စိပ်တိုက်လှုပ်ရှားမှုတွေ တော်တော်ပြင်းထန်လာပါတယ်။ အဲဒါကြောင့်မို့ ကျနော်တို့က ဒီလှုပ်ရှားမှုကို ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။

မေး -  ထိခိုက်မှုအခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ - လောလောဆယ် အသေးစိတ်တွေ ကျနော်တို့ မသိနိုင်သေး။ တိုက်ပွဲဖြစ်တ ယ်ဆိုတော့ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်၊ လူထုနဲ့ နီးတဲ့နေရာဆိုလည်း လူထုထိခိုက်မှုတွေ ရှိနိုင်ပါတယ်။

မေး -  ဒီနေ့ လှုပ်ရှားမှုကို ဘယ် နှနာရီက စတာလဲရှင့်။

ဖြေ - တနေရာနဲ့ တနေရာမတူဘူး၊ ဒီမနက်ပိုင်းပဲ စတယ်လို့ ပြောလို့ရပါတယ်။ တချို့နေရာက မနက် ၃ နာရီခွဲ ၄ နာရီ စတယ်၊ တချို့နေရာက မနက် ၅ နာရီခွဲ ၆ နာ၇ီလောက်မှာ စတယ်။

မေး - ဒီပူးပေါင်းစစ်ဆင်မှုတွေကို ဘယ်အချိန်ထိ လုပ်သွားမှာလဲ။

ဖြေ - ဒါကတော့ ပြောလို့လည်းမရသေးဘူး၊ အဓိကက ကျနော်တို့လည်း စောင့်ကြည့်နေတယ်၊ ဒီစစ်ဆင်ရေးလုပ်ရတာကလည်း လုပ်ချင်လို့ လုပ်ရတာမဟုတ်ပါဘူး၊ အဓိကက မြန်မာ့တပ်မတော်လှုပ်ရှားမှုပေါ် မူတည်ပါတယ်၊ မြန်မာ့တပ်မတော်က ကျနော်တို့ဒေသထဲမှာ ထိုးစစ်လှုပ်ရှားမှုတွေ ရပ်မယ်၊ အပစ်ခတ်ရပ်စဲရေးလုပ်မယ်ဆိုရင်တော့ ဒါကျနော်တို့ ဒီစစ်ဆင်ရေးလုပ်စရာ အကြောင်း မရှိပါဘူး။

မေး - တပ်မတော်ဘက်က ဘယ်လိုတုံ့ပြန်နေလဲ။

ဖြေ - လောလောဆယ်တော့ ဘာမှမသိသေးပါဘူးခင်ဗျာ၊ ကျနော်တို့ ၂ ဘက်အပြန် အလှန်ပစ်ခတ်ကြတာ ဒါပဲရှိပါတယ်၊ တချို့နေရာတွေမှာ ခုထိဖြစ်နေတုန်းပဲ ( မွန်းလွဲ ၁ နာရီခန့် ) မုံးကိုးဘက်မှာဖြစ်တယ်၊ ကြူကုတ်ပန်ဆိုင်းဘက်မှာဖြစ်တယ်၊ ပြးတော့ ကွတ်ခိုင်အရှေ့ဘက်ခြမ်း တချို့နေရာမှာလည်း ဖြစ်နေတယ်။

မေး - မနေ့တနေ့ကရော တိုက်ပွဲတွေ ဖြစ်သေးလား။

ဖြေ - မနေ့က ကျနော်တို့ ကျောက်မဲဘက်မှာလည်းဖြစ်တယ်၊ မန်တုံဘက်မှာလည်းဖြစ်တယ်၊ နမ့်ခမ်းမှာလည်း ဖြစ်တယ်။ နမ့်ခမ်းမှာ အမျိုးသမီးတယောက် မြန်မာ့တပ်မတော်က ပစ်လိုက်တဲ့ လက်နက်ကြီးထိတယ်။

မေး - တိုင်းရင်းသားလက်နက်ကိုင်ဘက်က အသာစီးရရင်နယ်မြေတွေ သိမ်းပိုက်ဖို့ အစီအစ ဉ်ရှိပါ သလား ။

ဖြေ - အဲဒါတော့ ပြောလို့မရသေးပါဘူး ၊ လောလောဆယ် ဒီလိုပဲ လှုပ်ရှားဆောင်ရွက်မှုတွေ လုပ်နေတာပါ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013