မောင်တောအကြမ်းဖက်မှုနှင့်ပတ်သက်၍ နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့မည်
DVB
·
November 19, 2016

ရခိုင်ပြည်နယ် မောင်တောဒေသအကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး နိုင်ငံတော် အဆင့်စုံစမ်းစစ်ဆေးရေးအဖွဲ့တဖွဲ့ ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မနေ့က နေပြည်တော်မှာ ဒေါ်အောင်ဆန်စုကြည်ကိုယ်တိုင် တက်ရောက်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာပါ။
စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေအပေါ် အဖြစ်မှန် ပေါ်ပေါက်ရေးကို စုံစမ်းစစ်ဆေးဖို့၊ စုံစမ်း စစ်ဆေးတွေ့ရှိချက်အပေါ် အခြေခံပြီး နောင် အလားတူ ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရေးအတွက် လေ့လာ သုံးသပ် တင်ပြရန်ဆောင်ရွက် သွားမယ်လို့ဆိုပါတယ်။
နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဘယ်ပုဂ္ဂိုလ်တွေနဲ့ ဘယ်အချိန်မှာ စတင်ဖွဲ့စည်း မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ရခိုင်ပြည်နယ် မောင်တောနဲ့ ဘူးသီးတောင်ဒေသအကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ရခိုင် ပြည်နယ် လွှတ်တော်မှာလည်း ပြည်နယ်အဆင့် စုံစမ်းစစ်ရေးအဖွဲ့ဖွဲ့စည်းဆောင်ရွက်နေပါတယ်။
မနေ့ကသမ္မတအိမ်တော်မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစည်းအဝေးမှာ ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရဲအောင်၊ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးတို့အပါအ၀င် ပြည်ထောင်စုဝန်ကြီးတွေနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ တက်ရောက်ကြပြီး ပြည်နယ်လုံခြုံရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေထိရောက်စွာပေးဖို့ ကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။