DVB Logo
Home
မြန်မာသတင်း
အသက် ၈ နှစ်အရွယ်မိန်းကလေးတဦး မုဒိမ်းကျင့်ခံရ၊ တရားခံကို ဖမ်းမမိသေး
DVB
·
November 18, 2016
အသက် ၈ နှစ်အရွယ်မိန်းကလေးတဦး မုဒိမ်းကျင့်ခံရ၊ တရားခံကို ဖမ်းမမိသေး
Donate to DVB

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တဦး အဓမ္မပြုကျင့်ခံရလို့ ပေါက်တောမြို့ဆေးရုံကို အရေးပေါ်တင်ထားလိုက်ရပါတယ်။

ပေါက်တောမြို့နယ် အရှေ့ဖရုံကာကျွန်းရှိ င/ရဗချိုင်ပိုက်ဆိပ်ကျေးရွာမှာ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တဦးကို နိုဝင်ဘာ ၁၃ ရက်က အိမ်ရှေ့မှာ ကစားနေစဉ် တရွာတည်းနေ အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦးက အဓမ္မပြုကျင့်ခဲ့တာ ဖြစ်ပါတယ်။

မုဒိမ်းပြုကျင့်တဲ့သူဟာ မိန်းကလေးငယ်ကို ထမ်းပိုးခေါ်သွားပြီး ငါးဖမ်းပိုက်တွေ စုပုံထားတဲ့နေရာမှာ သားမယားအဖြစ် ပြုကျင့်လိုက်တာလို့ ပေါက်တောမြို့မရဲစခန်းက ရဲအုပ်ထွန်းသာက ပြောပါတယ်။

“အဲဒီရွာက တံငါရွာပါ။ ပိုက်ဆိပ်ရွာပေါ့လေ။ ဖြစ်တာက ၁၃ ရက်နေ့ ည ၉ နာရီ အချိန်လောက်မှာ အိမ်ရှေ့နားမှာ မိန်းကလေးတွေ ကစားနေကြတယ်။ တရွာတည်းနေသူ ဦးထွန်းအေးဆိုသူက အရက်သေစာသောက်စားပြီး မူးလာတယ်။ အဲဒီမှာ ကလေးကို ထမ်းပြီးခေါ်သွားတယ်။ အိမ်နဲ့ သိပ်မဝေးဘူးပေါ့။ ကိုက် ၅၀ လောက်အကွာအဝေးမှာ ငါးဖမ်းပိုက်စုပုံထားတာရှိတယ်။ အဲ့ဒီမှာ ကလေးမကို သားမယားအဖြစ် ပြုကျင့်လိုက်တယ်။”

နေမကောင်းဖြစ် အော်ညည်းနေတဲ့ သမီးဖြစ်သူကို မိခင်ဖြစ်သူက ဆေးအမျိုးမျိုးဝယ်တိုက်ပေမယ့် မသက်သာလို့ မေးကြည့်ရာကနေ သမီးဖြစ်သူက အတင်းအဓမ္မ မုဒိမ်းကျင့်ခံရတာကိုသိရှိပြီး ရဲကိုတိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

မိန်းကလေးဟာ စိုးရိမ်ရတဲ့အခြေအနေ ရှိနေတာကြောင့် ပေါက်တောဆေးရုံကနေ စစ်တွေဆေးရုံကို လွှဲပြောင်းပေးဖို့ ဆရာဝန်က ညွှန်ကြားထားပြီး တိမ်းရှောင်နေတဲ့ မုဒိမ်းကျင့်သူကိုတော့ အမှုဖွင့်ထားကာ ဖမ်းဆီးရမိဖို့ အပူတပြင်း လိုက်ရှာဖွေနေတယ်လို့ ရဲအုပ်ထွန်းသာက ပြောပါတယ်။

“ဒဏ်ရာကတော့ ပြင်းတဲ့သဘောရှိပါတယ်။ တရားခံကို အဲ့နေ့ကတည်းက လိုက်ရှာနေပါတယ်။ အခုအချိန်ထိ မဖမ်းမိသေးဘူးခင်ဗျ။ မုဒိမ်းကျင့်ခံရတဲ့ကလေးမရဲ့ ပြောပြချက်နဲ့ ဆရာဝန်ပြောပြချက်တွေကို မှတ်တမ်းယူထားပြီးတော့ တရားခံကို ကျနော်တို့ ပေါက်တောရဲစခန်း မုဒိမ်းမှုနဲ့ အဖွင့်ထားပါတယ်။ ၃၇၆ နဲ့ အမှုဖွင့်ထားတာပါ။”

အလားတူ နိုဝင်ဘာ ၅ ရက်ကလည်း ပေါက်တောမြို့၊ အရှေ့ဘက်ရပ်ကွက်၊ အိုးအိမ်ဆောက်လုပ်နေတဲ့နေရာမှာ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တဦး မုဒိမ်းကျင့်ခံရလို့ စစ်တွေဆေးရုံကို အရေးပေါ်ကုသဖို့ ပို့ဆောင်ခဲ့ရပါတယ်။

အမျိုးသမီးတွေကို လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်တာတွေ၊ ကလေးသူငယ်တွေကို မုဒိမ်းကျင့် သတ်ဖြတ်တာတွေကို ထိရောက်ပြင်းထန်စွာ အရေးယူပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မြို့ခံတွေက ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013