DVB Logo
Home
မြန်မာသတင်း
ရန်ကုန် အိမ်ခြံမြေဈေးကွက် ဦးမော့လာနိုင်ရန် လိုအပ်ချက်များရှိ
DVB
·
November 18, 2016
ရန်ကုန် အိမ်ခြံမြေဈေးကွက် ဦးမော့လာနိုင်ရန် လိုအပ်ချက်များရှိ
Donate to DVB

ကာလအတန်ကြာ အေးစက်ထိုင်းမှိုင်းခဲ့တဲ့ ရန်ကုန် အိမ်ခြံမြေဈေးကွက် အနည်းငယ် ပြန်လှုပ်လာပေမယ့် ဦးမော့လာဖို့ကတော့ လိုအပ်ချက်တွေ ရှိနေတယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

ရန်ကုန် အိမ်ခြံမြေဈေးကွက်က ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် နှစ်ဆန်းကတည်းကစပြီး အရောင်းအဝယ်တွေက အေးစက်ခဲ့တာပါ။

ဒါကြောင့်ပဲ ရန်ကုန် အိမ်ခြံမြေဈေးကွက်ဟာ ၂၀၁၅ ခုနှစ်မှာ ပူဖောင်းကြီးကွဲသလို ပေါက်ကွဲမယ်လို့ ထင်ကြေးပေး ပြောဆိုတာတွေကလည်း ရှိခဲ့ပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ ရန်ကုန် အိမ်ခြံမြေဈေးကွက်က ပူဖောင်းကြီး လေရော့သွားသလိုမျိုးသာ ဖြစ်ခဲ့ပြီး အိမ်ခြံမြေဈေးနှုန်းတွေက ၃၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပါတယ်။

ကာလအတန်ကြာ ဈေးအကျနဲ့ရှိခဲ့ပြီး အရောင်းအဝယ် ထိုင်းမှိုင်းခဲ့တဲ့ ရန်ကုန် အိမ်ခြံမြေဈေးကွက်က လတ်တလောမှာ အနည်းငယ် ပြန်လှုပ်လာပေမယ့် ဦးမော့လာဖို့ကတော့ လိုအပ်ချက်တွေရှိတယ်လို့ ဈေးကွက်ကျွမ်းကျင်သူ ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က သုံးသပ်ပြောပါတယ်။

“ခုတလော ထွက်ပြီးသားဟာကို နည်းဥပဒေဆွဲနေတာ ရှိတယ်။ နည်းဥပဒေကို အမြန်ဆွဲပြီးတော့ လောလောဆယ် အမြန်ထွက်ဖို့က နိုင်ငံခြားသားဝယ်ယူခွင့် ရပြီးတော့ ရောင်းလို့ရတဲ့ ကွန်ဒိုတွေပေါ့နော်။ အခု နိုင်ငံခြားသား ဝယ်ယူခွင့်ရတဲ့ ကွန်ဒိုတွေက ရောင်းရလိမ့်မယ်။ ရောင်းလို့ရရင် Developer တွေက ပြန်ဆောက်လိမ့်မယ်။ အဲဒါဆိုရင် အိမ်ခြံမြေဈေးကွက် တစိတ်တပိုင်း အကျိုးရှိစေတာပေါ့။ နောက်တခုက အခွန်နှုန်းထားတွေ၊ ရာဖြတ်နှုန်းထားတွေ လျှော့ပေးမယ်ဆိုရင်တော့ အိမ်ခြံမြေကို တစိတ်တပိုင်း ပြန်လည်အထောက်အကူပြုပြီးတော့ ဦးမော့လာစေမှာပေါ့လေ။”

ငွေကြေးအနည်းငယ် ပိုလျှံသူတွေကလည်း ကျပ်သိန်း ၁၀၀ ကျော်တန် တိုက်ခန်းအပါအဝင် မြေကွက်တချို့ကို ဝယ်ယူရင်းနှီးမြှုပ်နှံလာတာ တွေ့ရတယ်လို့ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်တဦးဖြစ်သူ ဦးတင်ထွန်းနိုင်က ပြောပါတယ်။

“အခုက မြေကွက်ကလေးတွေကိုတော့ ရွှေဈေးမမီတဲ့လူတို့၊ ငွေလေးနည်းနည်းပါးပါး အောင်းထားနိုင်တဲ့သူတို့ဆိုရင် မြေကွက်ကလေးတွေကို ပြန်ပြီးလှုပ်ရှားကြတယ်။ ဈေးသင့်တင့်တဲ့ တိုက်ခန်းလေးတွေဆိုရင် တချို့ဆို နေဖို့၊ တချို့ဆိုလည်း ဝယ်ထားမယ်၊ ငှားထားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝယ်တာလေးတွေလည်း များပါတယ်။”

လက်ရှိ ရန်ကုန်အိမ်ခြံမြေဈေးကွက်က ကျပ်သိန်းရာကျော်တန် မြေကွက်နဲ့ တိုက်ခန်းတွေသာ အရောင်းအဝယ် ပြန်ဖြစ်လာပေမယ့် ဈေးနှုန်းအမြင့်မှာရှိတဲ့ ကွန်ဒိုနဲ့ မြေကွက်တွေကတော့ အရောင်းအဝယ် အေးနေပါတယ်။

တိုက်ခန်းအငှားနဲ့ လုံးချင်းအိမ်အငှားဈေးကွက်ကတော့ ပုံမှန်အလုပ်ဖြစ်နေပြီး ဈေးနှုန်းကတော့ ကျဆင်းမှုမရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013