DVB Logo
Home
မြန်မာသတင်း
ထီးလိုမင်းလို ပုဂံဘုရားကို ခွင့်ပြုချက်မယူဘဲ ပြုပြင်ရင် အရေးယူမည်ဟု သတိပေး
DVB
·
November 16, 2016
ထီးလိုမင်းလို ပုဂံဘုရားကို ခွင့်ပြုချက်မယူဘဲ ပြုပြင်ရင် အရေးယူမည်ဟု သတိပေး
1 / 7
Donate to DVB

ငလျင်လှုပ်ပြီး ထိခိုက်ပျက်စီးခဲ့တဲ့ ပုဂံရှေးဟောင်းအမွေအနှစ် ထီးလိုမင်းလိုဘုရားကို ပြုပြင်ဖို့ ရွှေပြည်တော်ဆုံမှတ် ပရဟိတအသင်းအား ခွင့်ပြုခဲ့တဲ့ ဂေါပကအဖွဲ့ကို သက်ဆိုင်ရာက သတိပေးလိုက်ပါတယ်။

ရွှေပြည်တော်ဆုံမှတ် ပရဟိတအသင်းဟာ ထီးလိုမင်းလိုဘုရားကို ပြုပြင်ဖို့ ဗွီနိုင်းမှာ ရေးသားဆောင်ရွက်နေတဲ့အတွက် ပုဂံရှေးဟောင်းသုတေသနဌာနခွဲကတာဝန်ရှိသူတွေ သွားရောက်ပြီး  ခွင့်ပြုချက်မရှိဘဲ မလုပ်ဖို့နဲ့ ပြည်သူလူထု အထင်လွဲမှားစေမယ့် ကိစ္စတွေ မလုပ်ဖို့ ဂေါပကအဖွဲ့ကို သတိပေးဆွေးနွေးကာ ဗွီနိုင်းကို နိုဝင်ဘာ ၁၅ ရက်မှာ ဖယ်ရှားခဲ့တယ်လို့  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။

ထီးလိုမင်းလိုဘုရားရဲ့ အထွတ်စေတီအစိတ်အပိုင်းအချို့နဲ့ စေတီအရံအချို့ ထိခိုက်ပျက်စီးခဲ့တာကို ဂေါပကအဖွဲ့က အဆိုပါ ပရဟိတအသင်းအား ပြုပြင်ခွင့်ပြုခဲ့တာဖြစ်ကြောင်း၊  ထီးလိုမင်းလို ဂေါပကအဖွဲ့ဟာ ဘုရားကြီးအား စောင့်ရှောက်ဖို့သာဖြစ်ပြီး ခွင့်ပြုပိုင်ခွင့် မရှိတာကို ခွင့်ပြုထားတာဖြစ်လို့ ဥပဒေနဲ့  ညီညွတ်မှုမရှိပါက ဂေါပကအဖွဲ့ကို အရေးယူသွားဖို့ စီစဉ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ငလျင်ဖြစ်ပွားပြီးနောက် ထိခိုက်ပျက်စီးခဲ့တဲ့ ဘုရား၊ စေတီတွေကို ပုဂ္ဂလိက၊ အဖွဲ့အစည်းတွေနဲ့ ဂေါပကတွေကို ပြုပြင်ခြင်းခွင့်မပြုဘဲ နိုင်ငံတော်ကသာ ကြီးကြပ် ပြင်ဆင်ထိန်း သိမ်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဘုရားပြုပြင်ဖို့ ခွင့်ပြုချက်မရတဲ့အပေါ် ရွှေပြည်တော်ဆုံမှတ် ပရဟိတအသင်းရဲ့ အတွင်းရေးမှူး  ဦးအောင်ပိုင်မင်းက “ကျနော်တို့အနေနဲ့လည်း နိုင်ငံတော်က ပေးလာတဲ့ တာဝန်ကို ဘယ်နေရာကမဆို ထမ်းဆောင်မယ်လို့ ကျနော်တို့ကနေ ကြေညာချက်ထုတ်ပြီးတော့မှ နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်ဆီ စာတင်ပြီး တောင်းခဲ့တာ ဖြစ်ပါတယ်။ တစ်အချက် ကျနော်တို့သည် စာတင်တောင်းပြီးတဲ့အချိန်မှာ လူကြီးတွေကနေ လမ်းညွှန်တဲ့အတိုင်း အတိအကျလိုက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ နောက်တဆင့်က မြေပြင်မှာ ဆက်သွယ်ပါဆိုလို့ ကျနော်တို့က မြေပြင်နဲ့ ဆက်သွယ်တဲ့အခါမှာ သူတို့က ဟိုလူနဲ့ ဆက်သွယ်ပါ၊ ဒီလူနဲ့ ဆက်သွယ်ပါလုပ်လို့ အဲဒီလူတွေနဲ့ ပြောရင်းဆိုရင်းကနေ လုပ်စရာရှိတာတွေ ဆက်လုပ်သွားတယ်။ အောက်ကပြောတဲ့အတိုင်းပဲ ကျနော်တို့က လုပ်သွားတာဖြစ်တဲ့အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ ဘာမှ အထွေအထူးပြောနေစရာမရှိပါဘူး၊ ကဲ ကျနော်တို့ နိုင်ငံတော်ကိုမေးမယ်၊ ဘာဆက်လုပ်ပေးရမလဲ၊ ဟုတ်ပြီ ထီးလိုမင်းလိုကို ကျနော်တို့ကို ဆက်လက်ပြီးတော့ ပြင်ဆင်ခွင့်မပေးဘူး၊ ခွင့်ပြုထားခြင်းမရှိဘူး၊ တရားဥပဒေနဲ့အညီလုပ်ပါ၊ ကဲ ဟုတ်ပြီ။  ကျနော်တို့ ဘာဆက်လုပ်ပေးရမလဲ၊ ကျနော်တို့ဘယ်နေရာက ၀ိုင်းပြီးတော့ ဘာလုပ်ပေးရမလဲ။ ထီးလိုမင်းလိုမှ မဟုတ်ပါဘူး၊ ကြိုက်တဲ့ ဘယ်ဘုရား ဘယ်နေရာမှာ ကျနော်တို့ကို ဘာလုပ်ပေးစေချင်ပါသလဲ၊ ကျနော်တို့ လုပ်ပေးပါ့မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီခဲ့တဲ့ သြဂုတ် ၂၄ ရက်က မြန်မာပြည်အလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် မြန်မာ့ရှေးဟောင်း အမွေအနှစ် ပုဂံဒေသရှိ စေတီ၊ ပုထိုးပေါင်း ၃၈၉ ဆူ ထိခိုက် ပျက်စီးသွားတာဖြစ်ပါတယ်။

ထီးလိုမင်းလိုဘုရားကြီးအပါအ၀င် ပထမနဲ့ ဒုတိယဦးစားပေး ပြုပြင်ဖို့သတ်မှတ်ထားတဲ့ ဘုရား ၈၉ ဆူတို့ကို  ပြည်တွင်း/ပြည်ပ ပညာရှင်တွေရဲ့ အကြံပြုချက်နဲ့ စနစ်တကျ ပြုပြင်ထိန်းသိမ်းမှုတွေကို ၂၀၁၇ ခုနှစ်မှ သာဆောင်ရွက်ဖို့ ကုလသမဂ္ဂ ယဉ်ကျေးမှုအဖွဲ့ကြီး (ယူနက်စကို) နဲ့ ညှိနှိုင်းလျာထားကြောင်းနဲ့ ခုချိန်အထိ ပြုပြင်မှုတွေ စတင်ဆောင်ရွက်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ဓာတ်ပုံ - Aung Paing Min

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013