မိုးညှင်းမြို့တွင် ခရိုင်မြို့နှင့်အညီ အဝေးပြေးကားဝင်းကြီး စတင်အကောင်အထည်ဖော်
DVB
·
November 16, 2016

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ခရိုင်မြို့နှင့်အညီ အဝေးပြေးကားဝင်းကြီးတခုကို နိုဝင်ဘာ ၁၅ ရက် မနက်က စတင်ပြီး သတ်မှတ်မြေပြင်ရှင်းလင်းရေးလုပ်ငန်း စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။
သတ်မှတ်နေရာမှာ မိုးညှင်းဒီဂရီကောလိပ်အရှေ့ဘက် မြို့ရှောင်ကွင်းလမ်းကို မေးတင်လျက် အလျားပေ ၁၀၀၀ အနံပေ ၄၅၀ နဲ့ ၁၀ ဧကကျယ်ဝန်းပြီး ကချင်ပြည်နယ်အစိုးရထံမှ တင်ဒါအောင်မြင်တဲ့ မိုးညှင်းဒေသ ရှမ်းနီဖွံ့ဖြိုးရေးကုမ္ပဏီက စက်ယန္တယားတွေနဲ့ စတင်ဆောင်ရွက်နေတာပါ။
အဆိုပါ အဝေးပြေးယာဉ်ရပ်နားစခန်းအတွင်းမှာ အုပ်ချုပ်ရေးမှူးရုံး သုံးထပ်ဟိုတယ်တလုံး၊ ပန့်ဆီအရောင်းဆိုင်ကြီးတခု၊ ကားလက်မှတ်နဲ့ အခြားအရောင်းဆိုင်တွေအတွက် ဆိုင်ခန်းပေါင်း ၂၀၀ ခန့်ပါ နှစ်ထပ်အဆောက်အဦတွေကို ၃ နှစ်စီမံကိန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ယင်းကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးစံလွင်က ပြောပါတယ်။
မိုးညှင်းအဝေးပြေးကားဝင်းထဲမှာ အဆောက်အဦတွေ ဆောက်လုပ်မယ့် လုပ်ငန်းရှင်တွေကို ဆက်လက်ခေါ်ယူ တည်ဆောက်သွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။